နေပြည်တော် စက်တင်ဘာ ၂၈
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အပါအဝင် မြို့နယ် ၁၇ မြို့နယ်တို့၌လည်းကောင်း စာသင်ကျောင်းများအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးများခတ်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
ထိုသို့ စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ကြသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ မြို့မအနောက်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ နယ်မြေခံတပ်မတော်သားများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ဆေးရုံဝင်းအတွင်း၊ အပြင်ရှိ ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်