နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံး၌ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း (ခ) သားကြီးတို့ ၃ ဦးသည် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (စိစစ်ဆဲ) ကျား ၄ ဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရစဖမှူးနှင့် ရာအိမ်မှူးတို့ သေဆုံးခဲ့ပြီး ရုံးအကူမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်းပေးမှုများကြောင့် စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၇၂) ရပ်ကွက်၊ ဇီဇဝါလမ်းတွင် တရားခံ ကျော်စွာအောင် (ခ) ကျော်စွာအားလည်းကောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၇၁) ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတွင် တင်ဝင်း (ခ) ဝင်းချိုအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ တင်ဝင်း (ခ) ဝင်းချို၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ရွှေပေါက္ကံမြို့သစ်၊ အမှတ် (၁၂) ရပ်ကွက်၊ (၈၅) လမ်း၌ အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒ၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေထိုင်သူ ယုနန္ဒာစိုးတို့ ၂ ဦးအားလည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဘူတာ၌ ခင်မောင်ဌေး (ခ) ကျန်ကျောင်းအားလည်းကောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ အိမ်အမှတ် (၃၁၉) တွင် ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်း၏ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအတွင်း၌ ထက်ကြီး (ခ) ကျော်ကြီး၊ အာကာဖြိုး (ခ) အောင်မင်းခန့်နှင့် လျှန်းထက်အောင်တို့ ၃ ဦးအား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် စက်တင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၌ နေလင်း၊ တင်လှနှင့် မြင့်ကျော်တို့ ၃ ဦးအား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၁၁ ဦး၊ မ ၁ ဦးတို့အား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလခန့်တွင် တရားခံ ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်း၊ ထက်ကြီး (ခ) ကျော်ကြီးနှင့် အာကာဖြိုး (ခ) အောင်မင်းခန့်တို့သည် KNLA တပ်မဟာ (၂) နယ်မြေသို့ သွားရောက်၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁ လ တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းဆင်းပြီးနောက် ရန်ကုန်မြို့သို့ ပြန်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်အတွက် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့အား ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်း ခေါင်းဆောင်၍ ခင်မောင်ဌေး (ခ) ကျန်ကျောင်း၊ ထက်ကြီး (ခ) ကျော်ကြီး၊ အာကာဖြိုး (ခ) အောင်မင်းခန့်၊ လျှန်းထက်အောင်၊ အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒ၊ ဖမ်းဆီးရန်ကျန်တရားခံ ဖြိုးဇင်အောင်တို့ပါဝင်သော အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ ခဲယမ်းများအား KNLA တပ်မဟာ (၇) တွင် ခိုအောင်းနေထိုင်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီးမှ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ထက်ကြီး (ခ) ကျော်ကြီးနှင့် ယုနန္ဒာစိုးတို့ထံတွင် သိုဝှက်သိမ်းဆည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီးမှ Anonymous Force အမည်ခံအကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့အတွင်း၌ ဒလန်ရှင်းလင်းရေးအကြောင်းပြကာ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မတိုင်မီကာလတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၌ တရားခံ မြင့်ကျော်သည် ရစဖမှူးအဖြစ်လည်းကောင်း၊ တရားခံ ခင်မောင်ဌေး (ခ) ကျန်ကျောင်းနှင့် နေလင်းတို့သည် ရစဖရုံးစာရေးများအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့် လက်ရှိရစဖမှူးနှင့် ရစဖရုံးစာရေးများအပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများရှိနေသဖြင့် ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက် ရစဖမှူးနှင့် ရာအိမ်မှူးတို့အား လုပ်ကြံသတ်ဖြတ်ရန် မြင့်ကျော်၊ နေလင်း၊ တင်ဝင်း (ခ) ဝင်းချိုနှင့် တင်လှတို့မှ လုပ်ကြံသတ်ဖြတ်မှုမတိုင်မီ ၁ ပတ်ခန့်ကြိုတင်၍ Scout ကြည့်ရှုခဲ့ကြောင်း၊ ၎င်းနောက် စက်တင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ခင်မောင်ဌေး (ခ) ကျန်ကျောင်း၊ ကျော်စွာအောင် (ခ) ကျော်စွာ၊ အာကာဖြိုး (ခ) အောင်မင်းခန့်၊ အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒတို့ ၄ ဦးသည် မော်တော်ယာဉ်ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံးသို့ သွားရောက်ခဲ့ပြီး အာကာဖြိုး (ခ)အောင်မင်းခန့်နှင့် အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒတို့မှ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း (ခ) သားကြီးတို့အား ပစ္စတိုဖြင့် ၁၄ ချက်ပစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု (၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု (၁) ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-
၂ဝ၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူအား ဒလန်ဟုစွပ်စွဲ၍ အာကာဖြိုး (ခ) အောင်မင်းခန့်၊ အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒတို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ထက်ကြီး (ခ) ကျော်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း။
ဇွန်လ ပထမပတ်တွင် အာကာဖြိုး (ခ) အောင်မင်းခန့်၊ အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒတို့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ကမာရွတ်မြို့မရဲစခန်းအား ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် ထက်ကြီး (ခ) ကျော်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီး မှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Anonymous Force အမည်ခံအကြမ်းဖက်အဖွဲ့အား Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေကျပ်သိန်း ၃၀ ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေးများအား Anonymous Force အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်းမှ ပြန်လည်ခွဲဝေပေးကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား လျှို့ဝှက်ပေးထား၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။