နေပြည်တော် စက်တင်ဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁၅ ကျောင်း၌ မေ ၆ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ ဖွင့်လှစ်ခဲ့သော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများနှင့်အတူ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း (ဘားအံ၊ ပုသိမ်) တို့တွင် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများဖြစ်သည့် ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှု သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြော ကြားသည်။
အလားတူ အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲများကို ဘားအံမြို့ သင်တန်းကျောင်း၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့ သင်တန်းကျောင်း၌ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်း၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်၊ လဟယ်မြို့ သင်တန်းကျောင်း၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်း၌ ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်၊ ကွန်ဟိန်းမြို့ သင်တန်းကျောင်း၌ အခြေချစစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး အောင်ကိုနိုင်တို့ တက်ရောက်ခဲ့ကြပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသောဒေသများမှ တိုင်းရင်းသားအမျိုးသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်း များအား စရိတ်ငြိမ်းဖြင့် စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျရောင်းချပေးပြီး ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည်အထိ အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးခြင်း၊ သင်တန်းထူးချွန်ရရှိသူများအား အပ်ချုပ်စက် တစ်စုံစီ ဆုချီးမြှင့်ပေးခြင်းနှင့် ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းဆင်းပြီးသူများကိုလည်း ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက် ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၁၅ ကျောင်းတွင်၂၀၂၄ ခုနှစ် မေ ၆ ရက် မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်အထိ ရက်သတ္တ ၂၁ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာ ဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၄၆၅ ဦး တက်ရောက်ကြပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းကျောင်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ သင်တန်းသား သင်တန်းသူစုစုပေါင်း ၉၆၈၄၁ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်