Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝါးများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများက နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းကြသည်။

နံနက်ပိုင်းတွင် အဆိုပါဆေးရုံများ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းစုစုပေါင်း ၃၁၃ ဦးတို့က တစ်ချိန်တည်း စုပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်(၁)နှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ ငွေကျပ်သိန်း ၆၀ တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးမျိုးစုံ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ လှူဒါန်းမှုအပေါ် ကျေးဇူတင်စကားပြောကြားသည်။

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၇ ရက်တွင်လည်း နေပြည်တော် (ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၄၇ ဦးတို့က ဆက်လက်စုပေါင်း သွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်းဂုဏ်ပြုသွေးလှူဒါန်းသူ ၅၆၀ ဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ပျဉ်းမနားမြို့နယ်ရှိ ဆင်သေကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ ဇေယျာသီရိမြို့နယ်ရှိ စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အေးမြင့်သာယာကျေးရွာ မူလတန်းကျောင်းများ၌ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်လက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာစာသင်ကျောင်းများမှ ကျောင်းဆရာ ဆရာမများအား သွားရောက်ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်