Skip to main content

နိုင်ငံရေးပြဿနာအတွက် နိုင်ငံရေးနည်းလမ်း

နိုင်ငံရေးပြဿနာကို အခြားနည်းဖြင့်ဖြေရှင်းရန် ကြိုးပမ်းရာမှ စစ်ပွဲများ ပေါ်ပေါက်လာရသည်ဟု အဆိုရှိသည်။ အခြားနည်းဟုဆိုရာတွင် လက်နက်ဆွဲကိုင်တိုက်ခိုက်ခြင်း၊ စစ်ကိုဖန်တီးခြင်း ဖြစ်ရာ အကြမ်းနည်းကျင့်သုံးခြင်းဖြစ်သည့်အလျောက် တိုင်းပြည်နာသည်။ ပြည်သူလည်းနာသည်။ လွတ်လပ်ရေးရပြီး ချိန်မှစကာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် မပြီးဆုံးနိုင်စတမ်း ကြည့်နေခဲ့ရသည့်ဇာတ်ကြမ်းကို ပြည်သူတို့ စိတ်ပျက်ငြီးငွေ့နေခဲ့သည်မှာလည်း ကာလကြာရှည်နေခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေချိန်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် အကြိုကာလမှာပင် ပြဿနာများရှိနေခဲ့ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်း ပြင်ပမီဒီယာအချို့က ထိုစဉ်ကပင် သိရှိခဲ့ကြသည်။ မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများသည် အေးချမ်းစွာပြီးဆုံးခွင့်မရရှိခဲ့ဘဲ သွေးထိုးမှု၊ လှုံ့ဆော်မှုပယောဂပေါင်းများစွာ ပူးကပ်မှုတို့နှင့်အတူ လမ်းပေါ်ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများမှသည် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ၊ ဖျက်ဆီးမှုများ၊ လက်နက်ကိုင်ဆန့်ကျင်မှုများ အထိ ပေါ်‌ပေါက်လာပြီး အကြမ်းနည်းသံသရာတွင် နောက်ထပ်လည်ပတ်ကြမည့် အမည်မျိုးစုံ၊ တံဆိပ်မျိုးစုံ၊ အလံမျိုးစုံနှင့် အဖွဲ့များစွာတို့လည်း ဒေသများစွာတို့တွင် ပေါ်ပေါက်လာသည်။

နိုင်ငံအတွင်းမှ ထွက်ပြေးသွားကြပြီး ပြည်ပနိုင်ငံများမှနေ၍ မိမိနိုင်ငံမပျက်ပျက်အောင် ကြိုးပမ်းဖန်တီးနေကြသူများ၊ အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်သူ့ကာကွယ်ရေးအမည်ခံ အကြမ်းဖက်သမားများကြောင့် နိုင်ငံ၏လူသားအရင်းအမြစ်၊ ရုပ်ဝတ္ထုအရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်များစွာ ဆုံးရှုံးရ သည်။ ဤအရင်းအမြစ်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဘက် တွင် အသုံးမပြုနိုင်ခဲ့ခြင်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာထိခိုက်နစ်နာစေသည့်အပြင် အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးမှာလည်း ပျက်စီးခဲ့ရသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက နိုင်ငံနှင့် ပြည်သူကို နာကျင်မှုအနည်းဆုံးဖြစ်စေ မည်ဖြစ်သော်လည်း စေတနာပါသူ၊ နှလုံးရည်နှင့် ပြည့်စုံသူတို့ကသာ ဤနည်းလမ်းကို ရွေးချယ်ကြမည်ဖြစ်ပြီး အကျိုးစီးပွားများ ဖက်တွယ်ထားမိသူ၊ သေနတ်ပြောင်းဝမှထွက်သည့် အာဏာကိုမက်သူတို့ကမူ ငြင်းပယ်ကြမည်သာဖြစ်သည်ဟု နားလည်ရသည်။

နိုင်ငံတိုင်းတွင် နိုင်ငံရေးပြဿနာရှိစမြဲဖြစ်ပြီး နိမ့်တုံမြင့်တုံ နိုင်ငံရေးလောကဓံကို ခံကြရသည့်တိုင် နိုင်ငံနှင့်ပြည်သူ နစ်နာစေမည့် အမှုမျိုးကို ရှောင်ကြဉ်ကြရသည်။ နိုင်ငံရေးအပြောင်း အလဲတစ်ခုကို ဖော်ဆောင်ရာတွင် တစ်ဆင့်ပြီး တစ်ဆင့်၊ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သည် သွေးထွက်သံယိုမှု၊ နာကျင်မှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်၊ စေတနာမှန်မှန် ပူးပေါင်းဆောင်ရွက်နိုင်ကြပါက အဆင့်တစ်ခုတွင် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိလာမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်လိုက်ရာ အယူမလွဲကြရန်လိုသကဲ့သို့ အေးချမ်းသာယာစွာ နေထိုင်လိုသည့် ပြည်သူကို မျက်နှာမူကြရန်လည်း လိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်မှုသည် လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် ပျက်စီးဆုံးရှုံးမှု ဒဏ်ရာဒဏ်ချက်တို့ ကြီးမားများပြားနေသည့် နိုင်ငံနှင့် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေးတို့ကို မျှော်လင့်တောင့်တနေသည့် ပြည်သူတို့အား အလေးဂရုပြု၍ ထောက်ရှု ခြင်းဖြစ်သည်။ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းလမ်းဖြင့်ဖြေရှင်းနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းလာသည့် အခွင့်အရေးကို အလေးအနက်ထား၍ အပြုသဘောတုံ့ပြန်ကာ တိုင်းရင်းသား၊ နိုင်ငံသားပြည်သူအားလုံး လိုလားတောင့်တနေကြသည့် ထာဝရငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။