Skip to main content

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ကစား

နေပြည်တော် စက်တင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် စတင်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေးကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်သက်ထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်မှုများအား ကြည့်ရှုအားပေးကြသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)ကရာတေးပြိုင်ပွဲတွင် လူသစ်တန်းတစ်ဦးချင်း ခတပြိုင်ပွဲ၊ အကြီးတန်းတစ်ဦးချင်း ခတပြိုင်ပွဲ၊ အသင်းလိုက် ခတပြိုင်ပွဲနှင့် လူသစ်တန်း ကီလိုတန်းအလိုက် ကုမိတဲ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။

အလားတူ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲမှ မီတာ ၁၀၀ ပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ သုံးဆင့်ခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲနှင့် မီတာ ၈၀၀ ပြေးပြိုင်ပွဲများကိုလည်းကောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(B)တွင် အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(င)၌ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသားဓားနှစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(က)တန်း၊ အမျိုးသား ဓားတစ်လက်အတိုက်ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီးဓားတစ်လက်အတိုက် ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိစစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် ၅၇ ကီလိုတန်းလူသစ်တန်းပြိုင်ပွဲ၊ ၄၈ ကီလို ၅၇ ကီလို ၆၀ ကီလိုအလွတ်တန်းပြိုင်ပွဲ၊ ၆၀ ကီလိုတန်း(က) အဆင့်ပြိုင်ပွဲ၊ အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (က)အဆင့်ဘောလုံးပြိုင်ပွဲအဖြစ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့သည် ယနေ့ညနေပိုင်းတွင် ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားကြရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား ၃ ဂိုး - ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။