Skip to main content

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူနှင့်ထားဝယ်ဘူတာကြား တံတားအမှတ်(၆ဝ၆) မောင်မယ်ရှောင်တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီး

နေပြည်တော် စက်တင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူဘူတာနှင့် ထားဝယ်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၃၆၄/၁၁-၁၂ ရှိ တံတားအမှတ်(၆၀၆)၊ မောင်မယ်ရှောင်တံတားအား စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အောက်ခံကန့်လန့်ဖြတ်သံဘောင် (၂)ချောင်း၊ အလျားလိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း(၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီးချို့ယွင်းမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/ သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း(၁၇၂)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ်ကျူးလွန်ခဲ့ကြသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့် တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီး ခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထား