မကွေး စက်တင်ဘာ ၂၆
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦးနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ပြီး ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ ဂိမ်းကစားပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ တေဇခန်းမ၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့် ဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” Video Clip အား ပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ယခုလို စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များကို စာဖတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရေး ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ခေတ်၏ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်မောင်မယ်များဖြစ်ကြသည့်အတွက် ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံရန် လိုအပ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံနိုင်ရေး စာပေလေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ တပည့်သားသမီးတွေ ပညာရည်မြင့်မားရန်၊ အသိပညာဗဟုသုတတွေ တိုးပွားစေရန်အတွက် စာပေလေ့လာဖတ်ရှုရန်၊ စာကြည့်တိုက်စာပေလေ့လာမှုတွေကို အလေ့အကျင့်တွေဖြစ်လာစေရန်အတွက် အားပေးတိုက်တွန်းရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များ ရှင်သန်တိုးတက်ရေးအတွက် လိုအပ်သော စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်ဆည်းနိုင်ရေးကိုလည်း အဘက်ဘက်က ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်ရုံ၊ အသိပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဥာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွက်လာစေရေးအပြင် ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာရေးဆရာထင်ကျော် (စက်မှုတက္ကသိုလ်)က “စာပေဖတ်ရှုခြင်း အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် စာပေဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များလှူဒါန်းခြင်း၊ စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့် စာရေးဆရာ ထင်ကျော် (စက်မှုတက္ကသိုလ်)အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် သီဆိုဖျော်ဖြေပေးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာဖတ်ဝိုင်း၊ စာပေဆိုင်ရာ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ယနေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)