Skip to main content

မစ္စတာ ဆိုဖီအန် ရှာအိဗ်အား အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

နေပြည်တော် စက်တင်ဘာ ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာဆိုဖီအန် ရှာအိဗ်အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် အယ်လ်ဂျီးရီးယားအစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။

မစ္စတာ ဆိုဖီအန်ရှာအိဗ်အား ၁၉၈၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် အယ်လ်ဂျီးယားအုပ်ချုပ်မှုရေးရာ အမျိုးသားကျောင်းမှ ဒီပလိုမာကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ ယွန်မူလင်လီယွန်တက္ကသိုလ်မှ မဟာဘွဲ့ကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ ပြင်သစ်ပထဝီနိုင်ငံရေးကျောင်းမှ ဒေါက်တာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

၎င်းသည် ၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပရေးရာဌာနဌာနမှူးအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် မေလအထိ မာဂ်ရိဘ်၊ အာဖရိကန်ရေးရာနှင့် အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရေးရာဝန်ကြီးရုံးအဖွဲ့အရာရှိအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၇ ခုနှစ် သြဂုတ်လအထိ နိုင်ငံခြားရေးဝန်ကြီးရုံးအဖွဲ့အရာရှိ အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် မေလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ်ရုံးနှင့် ပြည်ပရောက်နိုင်ငံသားများရေးရာ အထူးကိုယ်စားလှယ်ရုံးတွင် အတိုင်ပင်ခံအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ ဘဏ္ဍာရေးနှင့်ကုန်သွယ်မှုရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ်နှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းရေးမှူးချုပ်ရုံးနှင့် ပြည်ပရောက်နိုင်ငံသားများရေးရာဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ မော်ရိုကိုနိုင်ငံရှိ အယ်လ်ဂျီးရီးယားသံရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဘယ်လ်ဂျီယံနိုင်ငံရှိ အယ်လ်ဂျီးရီးယားသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ယနေ့အထိ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

သတင်းစဉ်