နေပြည်တော် စက်တင်ဘာ ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ၌ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်အတူ မိုးရာသီထန်းပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထန်းပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထန်းပင်များသည် မိမိတို့နိုင်ငံအတွင်းတွင် ရေဝပ်သည့်ဒေသများမှလွဲပြီး နေရာအနှံ့အပြား ပေါက်ရောက်ရှင်သန်နိုင်သည့်အတွက် စိုက်ပျိုးရန်အတွက်လည်း ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့်ရေပေးသွင်းရန်လည်းမလိုအပ်ဘဲ သဘာဝအစိုဓာတ်ဖြင့် ပေါက်ရောက်နိုင်သည့် အပင်ဖြစ်ကြောင်း၊ စိုက်ပျိုးသည့်အခါတွင်လည်း ထန်းသီးအစေ့ကိုသာ မြေချစိုက်ပျိုးရသည့်အပင်မျိုးဖြစ်ခြင်းကြောင့် ထန်းစေ့များကို မြေချစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။
ယခုနှစ် မိုးရာသီကာလအတွင်း ထန်းမျိုးစေ့ ၃၆၁၀၀ ကို ဥပ္ပါတသန္တိစေတီတော် ဝတ္တကမြေ၊ သံဝေဇနိယလေးဌာန ဝတ္တကမြေ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၁)၊ (၃၅) ပတ်ဝန်းကျင်၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပတ်ဝန်းကျင်တို့တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထန်းမျိုးစေ့များကို ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ ထန်းမျိုးစေ့စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
အလားတူ ဥပ္ပါသန္တိစေတီတော်တပေါင်းကွင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရုံး အမှတ် (၃၁)၊ ရုံးအမှတ် (၃၅) လေ့ကျင့်ရေးဇာတ်ရုံ၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ ဝန်ကြီးရုံးဘေးရှိ တစ်ဖက်ပိတ်ဆည်၊ အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ပတ်ဝန်းကျင်တို့ရှိ သတ်မှတ်နေရာများ၌ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများက ထန်းမျိုးစေ့များကို စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်