စီးကရက်စွဲလမ်းနေသူကို စီးကရက်ဖြတ်နိုင်ရန်အတွက် စီးကရက်တွင်ပါဝင်သည့် နစ်ကိုတင်းကို အခြားနည်းလမ်းဖြင့် အစားထိုးပေးသည့်ကိရိယာ (Electronic Nicotine Delivery System-ENDS) တစ်မျိုး ၂၀၀၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ရာ အီလက်ထရွန်နစ်နည်းပညာကို အသုံးပြုထားသည့် အဆိုပါကိရိယာကို အီး-စီးကရက်ဟုခေါ်ကြသည်။ တရုတ်ပညာရှင်တစ်ဦးစတင် တီထွင်ခဲ့သည့် အီး-စီးကရက်သည် ဆယ်စုနှစ်တစ်ခု မကုန်ဆုံးမီမှာပင် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအတွင်း လေ့လာမှုများ စတင်ပြုလုပ်လာကြပြီး အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ကန့်သတ်မှုများလည်း ဆောင်ရွက်ခဲ့သည်။
အီး-စီးကရက် သို့မဟုတ် ENDS သည် နစ်ကိုတင်းဓာတုပစ္စည်းကို အရည်ပုံစံဖြင့် ထုတ်လုပ်ထားကာ အီလက်ထရွန်နစ် နည်းလမ်းဖြင့် အငွေ့အဖြစ်ပြောင်းလဲစေပြီး ထို့အငွေ့ကို ရှူရှိုက်နိုင်စေရန် ဖန်တီးထားသည့် ကိရိယာဖြစ်သည်။ နစ်ကိုတင်းမပါဝင်ကြောင်း ငြင်းချက်ထုတ်မှုအချို့ရှိသော်လည်း အနံ့အရသာ မျိုးစုံစပ်ထားသည့် အရည်များတွင် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ နစ်ကိုတင်းပါဝင်သောအရည်များဖြစ်ကြကြောင်း၊ နစ်ကိုတင်းမပါသော အရည်များတွင်လည်း အခြားဓာတုပစ္စည်းများနှင့် အနံ့အရသာမျိုးစုံတို့ကို ထည့်သွင်းထားကြောင်း ကျန်းမာရေးပညာရှင်များက ဖော်ထုတ်တွေ့ရှိထားကြသည်။
Vapes၊ Vape Pens၊ Mods၊ Pods၊ e-Cigarettes၊ e-Pipes၊ e-Cigars စသည်ဖြင့် စျေးကွက်တွင် ခေါ်ဆိုနေကြသည့် အဆိုပါပစ္စည်းများကို စီးကရက်၊ ဆေးလိပ်ပုံစံတူများ ထုတ်လုပ်ရောင်းချသည့်အပြင် မီးခြစ်ဘူးပုံ၊ ဖောင်တိန်ပုံ၊ ဘောပင်ပုံစသည်ဖြင့် လူငယ်ကြိုက်ခေတ်မီပုံစံများ အမျိုးအစားပေါင်း မြောက်မြားစွာ ထုတ်လုပ်ရောင်းချလျက်ရှိသည်။ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံပေါင်း ၉၀ ခန့်တွင် လေ့လာတွေ့ရှိချက်အရ ရောင်းရငွေပမာဏ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ် တွင် အဆ ၂၀ နီးပါးခန့်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် အီး-စီးကရက် သို့မဟုတ် ENDS သို့မဟုတ် Vapes သုံးစွဲမှုသည် ၂၀၁၆-၂၀၁၇ ခန့်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာခဲ့ရာ လက်ရှိအချိန်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များတွင်သာမက မြို့ငယ်များတွင်ပါ အီး-စီးကရက်ပုံစံအမျိုးမျိုးနှင့် တွဲဖက်အသုံးပြုရန် အရည်အမျိုးမျိုးတို့ကို အလွယ်တကူဝယ်ယူရရှိနေပြီ ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ၂၀၀၆ ခုနှစ်ကပြဋ္ဌာန်းခဲ့သည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေအရ စီးကရက်ဘူးများ၊ ဆေးလိပ်ထုပ်များတွင် ဆေးလိပ်သောက်ခြင်းအန္တရာယ် သတိပေးစာတန်းများ၊ ကင်ဆာရောဂါရုပ်ပုံများ ထင်ထင်ရှားရှားဖော်ပြပြီးမှ ရောင်းချခွင့်ပြုထားသော်လည်း Vapes နှင့် Pod ပစ္စည်းများမှာမူ မော်ဒယ်လ်ရုပ်ပုံများနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင်များတွင် လှလှပပရောင်းချနေကြခြင်း ဖြစ်သည်။
စတင်တီထွင်ခဲ့ချိန်မှ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီးသည့်နောက် ယခုအခါတွင် အီး-စီးကရက်သည် အန္တရာယ်ကင်းသည့် ပစ္စည်းမဟုတ်ကြောင်း သိရှိလာရပြီဖြစ်သည့်အပြင် အီး-စီးကရက်ကို စွဲစွဲမြဲမြဲသောက်သုံးခြင်းကြောင့် ကျန်းမာရေးပြဿနာများဖြစ်ပေါ်လာခြင်း၊ အချို့သေဆုံးခြင်းတို့ကိုပါ တွေ့ရှိလာရပြီဖြစ်သည်။ အီး-စီးကရက်သည် ရေရှည်သောက်သုံးခြင်းဖြင့် ကင်ဆာ၊ နှလုံးနှင့်အဆုတ်ဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်ပြီး လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်းအဆိုးရွားဆုံး ကျန်းမာ ရေးပြဿနာများကို ရင်ဆိုင်ကြရလိမ့်မည်ဖြစ်ကြောင်းလည်း ပညာရှင်များက သတိပေးထားသည်။ ဒေသတွင်းနိုင်ငံများအနက် မျှော်မှန်းလူ့သက်တမ်းအနိမ့်ဆုံးအခြေအနေတွင် ရှိနေပြီး ပြည်သူ့ကျန်းမာရေးအဆင့်အတန်းမြင့်မားရေးအတွက် ကြိုးပမ်းရုန်းကန်နေရသည့် မိမိတို့နိုင်ငံတွင် လူငယ်ထုအတွင်း ထိုးဖောက်ဝင်ရောက်လာနေသည့် e-Cigarettes၊ Vapes၊ Pods အပါအဝင် ဆေးရွက်ကြီးအစားထိုးပစ္စည်းများ ထိန်းချုပ်ရေး အခြားအာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းကာ အစွမ်းကုန်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။