နေပြည်တော် စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် တပ်မတော်က လူငယ်များကို အတင်းအဓမ္မဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်းများတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့်နေထိုင်ကြကြောင်း၊ ထို့ကြောင့် တပ်မတော်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်းတချို့ကို ဝင်ရောက်စိစစ်ပြီး ဘုန်းကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာက သတင်းအမှားများ ရေးသားထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းသည် တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် နိုင်ငံကိုအလုံးစုံပျက်သုဉ်းလိုသည့် အကြမ်းဖက်၊ လောက်ကောင်များက ဘာသာရေးကိုခုတုံးလုပ်၍ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လျက်ရှိသည့် ပြည်သူလူထုနှင့် တပ်မတော်အကြား သွေးခွဲရန်နှင့် အထင်အမြင်လွဲမှားစေရန်၊ သွေးထိုးလှုံ့ဆော်ဝါဒဖြန့် ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း၊ လက်ရှိတွင်ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၅)အထိ အောင်မြင်စွာဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းဆင်းပြီးသော နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းစစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နေပြီဖြစ်ကြောင်း၊ မိဘပြည်သူများကို အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ပူပန်မှုမြင့်တက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီး ရေးသားထုတ်လွှင့်ခြင်းသာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သတင်းမှန်များကိုလည်း နိုင်ငံပိုင်မီဒီယာများမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။