နေပြည်တော် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ စက်တင်ဘာ ၂၂ ရက်က မောင်မယ်ရှောင်ကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက ၎င်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မောင်မယ်ရှောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် များမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သည့် အတွက် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
ထို့အပြင် စက်တင်ဘာ ၂၄ ရက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်ခန့်က မောင်မယ်ရှောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကျေးရွာအနီးချဉ်းကပ်ရောက်ရှိလာသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား အလောင်း ၂ လောင်းနှင့် AK-47 အမျိုးအစား သေနတ် ၁ လက်၊ ၎င်းကျည် ၁၀ တောင့်၊ လက်လုပ် ၄၀ မမ ဗုံးသီး ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက PDF အမည်ခံအကြမ်းဖက်သမားများ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့သည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။