နေပြည်တော် စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူများ၏ နေရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းဖျက်ဆီး၍ ယာယီနေရပ်စွန့်ခွာသူ ၇ ဦးအား ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဘုတလင်မြို့နယ်အတွင်း သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများ မလုပ်ဆောင်နိုင်စေရန်အတွက် လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများသည် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် လုံခြုံရေးဆောင်ရွက်ရာ နေရာဒေသများအနီးရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် သတင်းမှားများဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်လာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။