တပ်ကုန်း စက်တင်ဘာ ၂၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် MSME အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အတူ တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ နဝင်းချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ပျက်စီးခဲ့သော ကျေးရွာချင်းဆက်လမ်းများ၊ ယာယီပိတ်ထားသည့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးပြုလုပ်နေမှု အခြေအနေများအား ၂၄ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ခရိုင်ချင်းဆက်လမ်းမှ သရက်အုပ်ကျေးရွာဆက်သွားထားသည့် အရှည် ၃၅၀၀ ပေရှိ လမ်းနှင့်လမ်းဘေးဝဲ၊ ယာတစ်လျှောက် လယ်ယာမြေပျက်စီးနှစ်မြုပ်များအား ကြည့်ရှုခဲ့ပြီး သရက်အုပ်ကျေးရွာမှ ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရေးနိုင်ရေး ဆွေးနွေးမှာကြားပြီး၊ ရေဝင်ရောက်သော အိမ်ဝိုင်းခြံများနှင့် ယာယီပိတ်ထားသည့်ကျောင်းတွင် သစ်တုံးဆွေးများ၊ ရွှံ့နွံများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီးနောက် စားသောက်ဖွယ်ရာများ လှူဒါန်းပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ လက်ပန်ပုကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရေးဆွေးနွေးမှာကြားခဲ့ပြီး၊ ရေဝင်ရောက်ပြီး သစ်တုံးသစ်ဆွေးများ၊ ရွှံ့နွံများကြောင့် ယာယီပိတ်သည့် ကျောင်းဝန်းနှင့် စာသင်ခန်းများအတွင်း တင်ကျန်ရစ်ခဲ့သော သစ်တုံးသစ်ဆွေးအမှိုက်များ၊ ရွှံ့နွံများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖယ်ရှားဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဂွတ်ဘရားသား (Good Brother’s) ကုမ္မဏီမှ လှူဒါန်းသည့် ရေမှုတ်၊ ရေဆုပ်အင်ဂျင်စက်ငါးလုံးအားလက်ခံပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းအား ရေမှုတ်၊ ရေဆုပ်လုပ်ငန်းလိုအပ်လျက်ရှိသည့် ကျေးရွာများတွင် လုပ်ငန်းဆောက်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဘုရင့်နောင်ရပ်ကွက် (ပိန်းတော)၌ လမ်းများနှင့် စာသင်ကျောင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဘက်ဟိုးယာဉ်၊ မြေသယ်ယာဉ်များဖြင့် တင်ကျန်ရစ်ခဲ့သည့် သစ်ဆွးများ၊ အမှိုက်များ ၊ ရွှံ့နွံများ ဖယ်ရှားမှုများအားကြည့်ရှု၍ ဘုရင့်နောင်ရပ်ကွက်(ပိန်းတော)ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇဝန္တအား ဖူးမြော်ကြည်ညိုခဲ့ပြီး နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဆက်လက်၍ ရန်ကုန်-မန္တလေးကားလမ်းနှင့် ရွှေမြို့ကျေးရွာ ဆက်သွယ်ထားသည့် ဆင်သေချောင်းဖြတ်ကူး စိန်ရွှေတံတားပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်