၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီး အကောင်အထည်ဖော်ရန် ရက်ပိုင်းမျှသာလိုတော့သည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုကို ကမ္ဘာ့အလယ်တွင် ပြသနိုင်တော့မည်ဖြစ်သည်။ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်စွမ်းပကားဖြင့် မည်သူ့အကူအညီမှမပါဘဲ ပြည်တွင်းမှ စုစည်းညီညွတ်သော အင်အားများနှင့် အမျိုးသားရေးလုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်ကြမည်ဖြစ်ရာ ပြည်သူအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမည်ဟု ယုံကြည်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကုန်ကြေးကျမှု အလွန်များသောလုပ်ငန်းဖြစ်သည်။ ကြီးမားကျယ်ပြန့်သောလုပ်ငန်းစဉ်ကြီးကို လူအင်အား၊ ငွေအင်အား၊ နည်းပညာအင်အားများဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လွှမ်းခြုံဆောင်ရွက်ကြရသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင်လည်း မြန်မာနိုင်ငံကဲ့သို့ပင် ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြ သည်။ လူတစ်ယောက်ချင်းစီမှ အချက်အလက်များကိုစုပေါင်းပြီး တစ်နိုင်ငံလုံး၏ ကိန်းဂဏန်းအချက်အလက်များရရှိလာအောင် ကြိုးပမ်းဆောင်ရွက်ကြရသည်။
သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိလာသော အချက်အလက်များသည် နိုင်ငံတော်၏ပကတိအခြေအနေ၊ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများ၏ အသက်အပိုင်းအခြားအလိုက်၊ မြို့ပြကျေးလက်အလိုက် အရေအတွက်ရရှိခြင်းသာမက ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် အရေအတွက်ကို ခွဲခြားသိနိုင်သည်။ ထိုအခြေအနေများမှတစ်ဆင့် ဒေသအလိုက်လိုအပ်နေသော အစီအမံများချမှတ်နိုင်ရန် အခြေခံအရင်းအမြစ်များ ဖန်တီးပေးနိုင်မည်ဖြစ်သလို လိုအပ်သောလုပ်သားအင်အားများကိုလည်း ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်။ အလားတူ လူမှုဖူလုံရေး၊ သက်ကြီးရွယ်အိုများစောင့်ရှောက်ရေး၊ မသန်စွမ်းထောက်ပံ့ရေး အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိသောအချက်အလက်များသည် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲမှု နယ်ပယ်အဆင့်တိုင်းအတွက် ထိရောက်သည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများရေးဆွဲနိုင်ရန်နှင့် အထောက်အထားအခြေပြု ဆုံးဖြတ်ချက်များချမှတ်ရာတွင် မရှိမဖြစ်လိုအပ်သည်။ နိုင်ငံအတွင်းရှိ သယံဇာတအရင်းအမြစ်များ ခွဲဝေသတ်မှတ်ခြင်းများ၊ ဘဏ္ဍာငွေခွဲဝေချထားပေးခြင်းများ၊ နယ်မြေနယ်နိမိတ်များကို ပြန်လည်ဆန်းစစ်ခြင်းတို့သည် ကောက်ယူရရှိသော လူဦးရေအပေါ်တွင် အခြေခံသည်။ စာသင်ကျောင်းများ၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၊ လမ်း၊ တံတားများ စသည့်အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း များစွာအသုံးဝင်ပြီး အလွန်အရေးကြီးသည်။
ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် ဆောင်ရွက်ရာတွင် ထိရောက်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ သန်းခေါင်စာရင်းအချက်အလက်များသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စသည့် ပြည်တွင်း၊ ပြည်ပ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်များ၊ ဆောင်ရွက်ချက်များကို လေ့လာဆန်းစစ်ရာတွင်လည်း အထောက်အကူပြုစေမည်ဖြစ်သည်။ တိကျမှန်ကန်သော အချက်အလက်များရရှိခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိ အထောက်အကူပြုစေသဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကြီး အောင်မြင်အောင် တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ တစ်မူထူးခြားသည့် တောတောင်ရေမြေ သဘာဝအလှအပများ၊ သယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ မတူကွဲပြားသော ရေမြေတောတောင် သဘာဝနယ်မြေများတွင် ကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးစုများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာစကားများနှင့် ညီညွတ်ဆီလျော်စွာ ပေါင်းစပ်စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ရရှိထားသောအချက်အလက်များသည် ပြည်ထောင်စုတိုင်းရင်းသားများ၏ ပေါင်းစည်းနေထိုင်မှုကို ပေါ်လွင်စေသည်။ ထို့ကြောင့် ပြည်ထောင်စုနိုင်ငံ တော်ကြီးဖြစ်တည်မှုနှင့် ကောင်းကျိုးဖြစ်ထွန်းအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားကြရန်လိုအပ်သည်။
အရေးအကြီးဆုံးအချက်မှာ သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်းများကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြေကြားပေးရန်လိုသည်။ တိုင်းရင်းသားပြည်သူတစ်ဦးချင်းအလိုက် မိမိတို့အတွက်၊ မိမိတို့မိသားစုအတွက်၊ မိမိတို့ သားစဉ်မြေးဆက်အတွက်၊ ပြည်ထောင်စုကြီးအတွက် အနည်းဆုံး (၁၀) နှစ်စာ စီမံဆောင်ရွက်နိုင်မည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးကို ညီညွတ်သောအင်အားဖြင့် အောင်မြင်စွာကောက်ယူပြီး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။