သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ချိန်၌ သတိပြုကြရမည့်အရာများတွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများလည်း ပါဝင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေချိန်၊ ထိတ်လန့်မှု၊ မတည်မငြိမ်မှုများ ဖြစ်ပေါ်နေချိန်တို့တွင် ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများ ထွက်ပေါ်ပျံ့နှံ့လာလေ့ရှိပြီး အခြေအနေကို ပိုမိုရှုပ်ထွေးဆိုးရွားသွားစေနိုင်သည်။ ဘေးအန္တရာယ်များနှင့် ကောလာဟလများ၊ သတင်းမှားများ ယှဉ်တွဲဖြစ်ပေါ်ခြင်းမှာ မိမိတို့နိုင်ငံတွင်သာမက အခြားနိုင်ငံများမှာလည်း ဖြစ်ပေါ်ကြောင်း တွေ့ရှိနိုင်ပြီး ဘေးအန္တရာယ်ဖြစ်ပေါ်မှု၏အဆင့်တိုင်းတွင် ယင်းနှင့်လိုက်လျောညီထွေသည့် သတင်းမှားများပါ ထွက်ပေါ်လာခြင်းဖြစ်ရာ စဉ်းစားချင့်ချိန်ပြီးမှ အတည်ပြုကြရမည်ဖြစ်သည်။
ကောလာဟလများနှင့် သတင်းတု၊ သတင်းမှားများသည် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှု သို့မဟုတ် အခြားအကြောင်း တစ်ခုခုကြောင့် လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်နေချိန်တွင် ထွက်ပေါ်လာလေ့ရှိပြီး လူအများစု၏ စိုးရိမ်စိတ်အပေါ် အခွင့်ကောင်းယူ၍ မသမာသူများက သတင်းမှားများနှင့် အဆိုးမြင်အနုတ်လက္ခဏာဆောင်သော သတင်းများကိုထုတ်လွှင့်ကြခြင်း ဖြစ်သည်။ သတိပြုကြရမည့်အချက်မှာ ကောလာဟလများ၊ သတင်းတု၊ သတင်းမှားများသည် အချက်အလက်မှန်များမဟုတ်ဘဲ မသမာသူများကရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက် ခြင်းဖြစ်သည့်အတွက် လူမှုအသိုက်အဝန်းကို အကျိုးမပြုနိုင်သည့်အပြင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်ခြင်းပင်ဖြစ်ပြီး အဆိုပါကောလာဟလနှင့် သတင်းတု၊ သတင်းမှားကို မိမိကလည်းပါဝင်၍ ထပ်ဆင့်ဖြန့်ဝေခြင်းမပြုမိစေရန်နှင့် မိမိကိုယ်တိုင်သိရှိထားသည့် သတင်းအမှန်၊ အချက်အလက်မှန်ကို ဖော်ထုတ်ကြရန်လိုသည်။
မိမိတို့နိုင်ငံတွင် ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုးခုတို့ရှိ မြို့နယ်ပေါင်း ၅၄ ခုတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်အထိ လူတစ်သိန်းလေးသောင်းကျော်ရေဘေးသင့်ခဲ့ပြီး လေးရာကျော်သေဆုံးခဲ့သည်။ ထိခိုက်ဆုံးရှုံးမှုနှင့် သေကျေပျက်စီးမှု ပမာဏကြီးမားသည့်အလျောက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် စေတနာရှင်၊ အလှူရှင်များက သဒ္ဓါတရားထက်သန်စွာဖြင့် ထောက်ပံ့ကူညီလှူဒါန်းနေကြသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့မြင်နေကြရသည်။ အဝေးပြေးလမ်းမကြီးများ၊ မြို့နယ်ချင်းဆက်လမ်းများပေါ်တွင် ရေဘေးအလှူ၊ ကူညီကယ်ဆယ်ရေး ကားများ ပျားပန်းခတ်ဥဒဟိုသွားလာ၍ စားသောက်ဖွယ်ရာများ၊ ပစ္စည်းများ၊ ငွေကြေးများ ပေးပို့ကူညီလှူဒါန်းနေကြသည်ကို လူတိုင်းတွေ့မြင်နိုင်သည်။ ပြင်ဆင်ချက်ပြုတ်လာသော အစားအစာများ လှူဒါန်းရာတွင် အစာအဆိပ်သင့်မှု ဖြစ်စဉ်များပေါ်ပေါက်လာခဲ့ခြင်းကြောင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် လတ်ဆတ်သော သား၊ ငါးတို့ကိုသာ စခန်းတွင် နေထိုင်သူများအား ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရေးလှူဒါန်းကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ပန်ကြားခဲ့သည်။ နယ်မြေလုံခြုံရေးအခြေအနေအရ စစ်ဆေးရန်လိုအပ်သည့် နယ်မြေအချို့၌ လိုအပ်သလိုစစ်ဆေးဆောင်ရွက်ခြင်းကိုသာ ပြုလုပ်ခြင်းရှိပြီး တားဆီးပိတ်ပင်မှုမရှိဘဲ လှူဒါန်းနိုင်ကြသော်လည်း ရေဘေးသင့်ကျေးရွာများသို့ သွားရောက်လှူဒါန်းပါက ဖမ်းဆီးအရေးယူကြောင်း မဟုတ်မမှန်ရေးသားဖြန့်ဝေမှုများ ရှိသည်။
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ်အချိန်ကလည်း ရေလှောင်တမံများမှ ရေများဖောက်ချခြင်းကြောင့် စသည်ဖြင့် မမှန်မကန်ထုတ်လွှင့်မှုများကို မသမာသူတို့ကပြုလုပ်ခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းမှန်များ ခိုင်ခိုင်မာမာ ရှင်းလင်းတင်ပြခြင်း၊ အမှန်တရားလိုလားသူ ဒေသခံပြည်သူတို့က သတင်းအမှန်များ ပြန်လည်ထုတ်လွှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။ သတင်းတု၊ သတင်းမှားများသည် လူ့အဖွဲ့အစည်းကို တစ်နည်းနည်းဖြင့် သတင်းအဆိပ်သင့်စေသည့်အန္တရာယ်ကို ဖြစ်ပေါ်စေသည်။ အကြမ်းဖက်အဖျက်အမှောင့်များ ဝိုင်းရံနေသည့် မိမိတို့နိုင်ငံတွင် နေ့စဉ်နှင့်အမျှ တရစပ်ထွက်ပေါ်နေသည့် သတင်းတု၊ သတင်းမှားများကို ပကတိအခြေအနေမှန်များနှင့် ချိန်ထိုးကာ မိမိတို့၏ ဉာဏ်ပညာ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ စိစစ်နိုင်ကြရပါမည့်အကြောင်း။ ။