နေပြည်တော် စက်တင်ဘာ ၂၄
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင်လည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အဦများတွင် လိုအပ်သည်များ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများဖယ်ရှားပေးခြင်း အပါအဝင် အခြားလိုအပ်သည်များကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များကထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းခြင်းနှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင် ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရွှေတိုက်တန်းကျေးရွာ၊ စိန်ရတနာကျောင်းတိုက်နှင့် နနွင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကုလားပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာများရှိ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့နယ်အတွင်းရှိ ရေကြီးမှုကြောင့်ဖြစ်ပေါ်ခဲ့သည့် အနောက်ဆင်ရွာကျေးရွာ၊ ရွှေလှေးတောကျေးရွာအနီး တာတမံဆည်ဘောင်များကျိုးကျနေမှုအခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆိုပါကျေးရွာများရှိ ရေဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် တောင်ငူမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ စားသောက်ဖွယ်ရာများ ချက်ပြုတ်ကျွေးမွေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့တွင်း စက်ယန္တရားကြီးများဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားများတွင် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/ တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် ယာယီသံဘောင် ဘေလီတံတားများအစားထိုး၍ အမြန်ဆုံးပြန်လည်ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိနေသည့် တံတားများကိုလည်း အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။