နေပြည်တော် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကုန်းတန်းလေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ကုန်းတန်းလေးရွာတွင် အကြမ်းဖက်သမားများက ပြည်သူများကိုခြိမ်းခြောက်၍ အတင်းအဓမ္မ ဆက်ကြေးကောက်နေပြီး နေအိမ်အချို့နှင့် ကျေးရွာအတွင်းရှိ အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းများတွင် မိုင်းထောင်ထားရှိကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ အန္တရာယ်မဖြစ်ပွားစေရေးအတွက် မိုင်းများအား သွားရောက်ရှင်းလင်းဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများက Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ဗုံးသီးများသည် နေအိမ်များအပေါ်သို့ ကျရောက်ပေါက်ကွဲရာမှ လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းဖြစ်စဉ်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် မဟုတ်မမှန်လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်ပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရန်အတွက် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက နီးစပ်ရာလုံခြုံရေးတပ်စခန်းများကို လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။