နေပြည်တော် စက်တင်ဘာ ၂၄
ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၅၄ မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် ချောင်းရေနှင့်မြစ်ရေများ အဆက်မပြတ်မြင့်တက်လာမှုနှင့်အတူ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ လူနေအိမ်၊ ရုံး/ဌာနအဆောက်အဦ၊ စာသင်ကျောင်း၊ အခြားအဆောက်အဦများအား ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရစ္ဆာန်များ သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ အပါအဝင် ထိခိုက်ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ အမြန်ဆုံးပေးအပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်မှ စက်တင်ဘာ ၁၇ ရက်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် လမ်းညွှန်ခဲ့မှုအရ သေဆုံး၊ ဒဏ်ရာရရှိသူများအနက် သေဆုံးသူများကို ဦးစားပေးအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အလှူရှင်များက ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မုန်တိုင်းနောက်ဆက်တွဲဒဏ်ကြောင့် သေဆုံးခဲ့သည့်သူများအနက် ပုဗ္ဗသီရိမြို့နယ်မှ သေဆုံးသူ ၁၁ ဦး၊ ပျဉ်းမနားမြို့နယ်မှ သေဆုံးသူ ၇ ဦး၊ ဇေယျာသီရိမြို့နယ်မှ သေဆုံးသူ ၄ တို့အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ၅ သိန်းကျပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၃ သိန်းကျပ်နှင့် နေပြည်တော်ကောင်စီမှ ၂ သိန်းကျပ်၊ စုစုပေါင်း သေဆုံးသူ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် ၂၂ ဦးတို့၏ မိသားစုဝင်များ လက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များထံသို့လည်း ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနှင့် အိုးအိမ်များပျက်စီးဆုံးရှုံးမှု အခြေအနေများအပေါ်မူတည်၍လည်း လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။