Skip to main content

ပြည်နည်းပညာတက္ကသိုလ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသုတေသနပြပွဲ အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၃

ပြည်နည်းပညာတက္ကသိုလ်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သုတေသနပြပွဲအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က Hybrid စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတက်ရောက်သည်။

ကပြဖျော်ဖြေ

နံနက်ပိုင်း၌ အခမ်းအနားပထမပိုင်းတွင် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသူများက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဂုဏ်ပြုသီချင်းဖြစ်သော “နိုင်ငံတော်အသစ်ရဲ့ခွန်အားသစ်” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသမိုင်း၌ ပျူလူမျိုးတို့သည် အစောဆုံးမြို့ပြနိုင်ငံများကို တည်ထောင်ခဲ့ကြပြီး သရေခေတ္တရာမြို့ဟောင်းသည် ပထမဆုံးယဉ်ကျေးမှုအမြင့်မားဆုံးသော မြို့ပြတစ်ရပ်လည်းဖြစ်ခဲ့ကာ ပျူလူမျိုးတို့၏ အင်ဂျင်နီယာပညာရပ်များ၊ နည်းပညာများဖြင့် မြို့ပြယဉ်ကျေးမှုတိုးတက်ထွန်းကားမှု မှတ်တမ်းများကို အထင်အရှားတွေ့မြင်ရသည်ဖြစ်ရာ အင်ဂျင်နီယာဘွဲ့ချီးမြှင့်အပ်နှင်းသည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ကျင်းပသော အခမ်းအနားသည် အဓိပ္ပာယ်ပြည့်ဝလှကြောင်း၊ သမိုင်းဝင်ဖြစ်သော ကနောင်မင်းသားကြီး၊ ယောအတွင်းဝန် ဦးဘိုးလှိုင်၊ မြတောင်မြို့စား ပန်းပဲဝန် ဦးမှို၊ မြန်မာ့ပထမဆုံး (ကုန်းဘောင်ခေတ်) အင်ဂျင်နီယာဖန်ချက်ဝန် ဦးရွှေအိုး၊ လွတ်လပ်ရေးကျောက်တိုင် ပုံစံထုတ်ရေးဆွဲခဲ့သူ ဗိသုကာဦးအုန်း ကြိုင်စသော မြန်မာ့အင်ဂျင်နီယာများ၏ ထူးခြားပြောင်မြောက်လှသော အင်ဂျင်နီယာ၊ ဗိသုကာပညာရပ်များဖြင့် တိုင်းကျိုးပြည်ပြုစွမ်းဆောင်မှုများကို ယနေ့ခေတ် အင်ဂျင်နီယာကျောင်းသားများ သိရှိကာ အားကျအတုယူကြရန်လိုအပ်ကြောင်း၊ နည်းပညာတီထွင်ဆန်းသစ်မှု သုတေသနရလဒ်များကို နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် လက်တွေ့ကျကျ အသုံးချဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နည်းပညာတက္ကသိုလ်၌ ပထမဆုံးပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်ကျော်မြတ်က အွန်လိုင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက အွန်လိုင်းမှ MSME ဖွံ့ဖြိုးရေးအတွက် သုတေသနရလဒ်များမှ ဆက်လက်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများက ပျူအကဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ပြည်နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က အခမ်းအနားအကြောင်းကိုလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (ပြည်) ဒုတိယပါမောက္ခချုပ်က တန်ခိုးကြီးဘုရားကြီးများ၏ Pagoda Digital Directory ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပြည်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာ ကျောင်းသားတစ်ဦးက သရေခေတ္တရာ မြို့ဟောင်း၌ အဖွဲ့လိုက် လေ့လာတွေ့ရှိမှုများကိုလည်းကောင်း၊ ပြည်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ကျောင်းသားများက ပရောဂျက်များအကြောင်းကိုလည်းကောင်း Power Point ဖြင့် ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ကျောင်းသားများ၏ သုတေသနပရောဂျက်များကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်း၌ အခမ်းအနားဒုတိယပိုင်းတွင် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ငွေတံဆိပ်ဆုရ ပြည်နည်းပညာတက္ကသိုလ်မှ မမေမြတ်မွန်က “နှလုံးသားကို အလှ ဆင်ပါ” သီချင်းကို သီဆိုဖျော်ဖြေသည်။ ထို့နောက် ပြည်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းကို တိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဖျော်ဖြေရေးအဖွဲ့တို့ထံ ဂုဏ်ပြုဆုငွေနှင့် အမှတ်တရပန်းခြင်းတို့ကို ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး၊ အဆင့်မြင့်သိပ္ပံ နှင့်နည်းပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေခြည်လဲ့လဲ့သိန်းနှင့် ပြည်နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပြည်)တို့မှ ဒုတိယပါမောက္ခချုပ်တို့က ပရောဂျက်ဆုရအဖွဲ့များထံ ဂုဏ်ပြုဆုများနှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်ကာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်