နေပြည်တော် စက်တင်ဘာ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မကွေးခရိုင်၊ မင်းဘူးခရိုင်နှင့် သရက်ခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ငါးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ တရားမဝင် အခြားသစ်သုညဒသမ ၅၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၄၃၇)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၂၂၄၃၇ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း ၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၀၈၅၃၁၀) ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ၄၇ လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၇၂၁၉၉၃၉) ကိုလည်းကောင်း၊ စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း တစ်မျိုးနှင့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇၀၀၀၀၀) ကိုလည်းကောင်းစုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၂၀၀၅၂၄၉ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Higer Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စက်တင်ဘာ ၂၃ ရက် တွင် ပဲခူးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၁၃ ဒသမ ၆၀၁ တန်၊ သစ်မာ သုညဒသမ ၁၀၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၄၁၇၂၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၅၆၁၀၁၇၂၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာ ၂၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Mitsubishi Pajero ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကိုလည်းကောင်း၊ မုံရွာမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Canter Truck ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၈၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၇၇၂၉၄၀၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်