Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၃

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် စက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာနှစ်ရွာ၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာတစ်ရွာ၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာတစ်ရွာနှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာ သင်တန်းဖွင့်လှစ်ခဲ့သည့် ကျေးရွာနှစ်ရွာ စုစုပေါင်းကျေးရွာ ခြောက်ရွာအတွက် သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာရေးနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ရုံးချုပ်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုရှိ ကျေးရွာပေါင်း ၂၂၁ ရွာကို ရွေးချယ်၍ ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ တောင်းဆိုသည့် သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းဆင်းသူများအနေဖြင့်လည်း သုံးစွဲခွင့်ပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများ၊ သင်ကြားမျှဝေပေးလိုက်သည့် အသိပညာ၊ အတတ်ပညာနှင့် နည်းပညာများကို ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော အစားအသောက်များ၊ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပြီး လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရုံးတောကျေးရွာမှ သင်တန်းသားငါးဦးအတွက် စက်ချုပ်လုပ်ငန်းထူထောင်ရန် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဲဒီးကျေးရွာမှ သင်တန်းသားငါးဦးအတွက် စက်ချုပ်လုပ်ငန်း ထူထောင်ရန်အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြောင်ရေကျေးရွာမှ သင်တန်းသားငါးဦးအတွက် လူသုံးကုန်ထုတ်လုပ်မှုလုပ်ငန်းထူထောင်ရန် ဆပ်ပြာမွှေစက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးက ရေအိုးစင်ကျေးရွာမှ သင်တန်းသားငါးဦးအတွက် ရေခဲမုန့်လုပ်ငန်းထူထောင်ရန် ရေခဲမုန့်ပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တဲကြီးကုန်းကျေးရွာမှ သင်တန်းသားငါးဦးအတွက် လျှပ်စစ်သံဂဟေဆက်လုပ်ငန်းထူထောင်ရန် ဝရိန်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦးက ကြာအင်းကျေးရွာမှ သင်တန်းသားငါးဦးအတွက် လျှပ်စစ်သံဂဟေ ဆက်လုပ်ငန်းထူထောင်ရန် ဝရိန်စက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက သင်တန်းတစ်ခုချင်းစီမှ သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုကာ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စုစုပေါင်းသင်တန်းခြောက်ခုမှ သင်တန်းတစ်ခုလျှင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသားငါးဦးကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား ၃၀ ကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်