ရန်ကုန် စက်တင်ဘာ ၂၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ကေတုမတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က နိုင်ငံတော်အစိုးရ၏ မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်ပေးနေသော အရာရှိကြီးများက ပြည်သူလူထုအတွက် ကောင်းမွန်ထိရောက်သည့် ဝန်ဆောင်မှုကို အဓိကဆောင်ရွက်ပေးရန် တာဝန်ရှိသူများဖြစ်ပါကြောင်း၊ အရာရှိကြီးများသည် နိုင်ငံတော်အစိုးရကို ကိုယ်စားပြုသူများဖြစ်သောကြောင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူကြား ယုံကြည်မှုတည်ဆောက်ပေးရာတွင် အခရာကျသူများဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ မျှော်မှန်းချက်များကို ဝန်ထမ်းကောင်းများဖြစ်ရန်၊ နိုင်ငံတော်က အားထားရသော ဝန်ထမ်းများဖြစ်စေရန်၊ နိုင်ငံတော်ကို ချစ်သောစိတ်ဖြင့် စွမ်းစွမ်းတမံကြိုးပမ်းအကောင်အထည်ဖော်ကြရန် တိုက်တွန်းမှာကြားသည်။
အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၅)သို့ သင်တန်းသား ၁၈ ဦး၊ သင်တန်းသူ ၂၂ ဦး စုစုပေါင်း ၄၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်