နေပြည်တော် စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေးတစ်စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် နံနက်မင်္ဂလာ အချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။
ဆင်ဖြူတော် ကလေး၏ ဘွဲ့နာမံတော်မှာ “ရနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူတော်လေးဖြစ်သည်။
အထက်ပါ ဆင်ဖြူတော်လေး “ရနန္ဒက” သည် ယခုအသက် ၂ နှစ်၊ ၂ လသားအရွယ်တွင် အရပ်အမြင့် ၄ ပေ ၈ လက်မ၊ ကိုယ်လုံးလုံးပတ် ၇ ပေ ၄ လက်မ၊ ကိုယ်အလေးချိန် ၁၄၃၄ ပေါင် ရှိလာပြီး ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော်ဆောင်တွင် မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး “ရနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်၊ ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Inter-action Training” ဖြင့် လေ့ကျင့််သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်