Skip to main content

တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများကို ကူညီရေးပစ္စည်းများသွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု မဟုတ်မမှန် စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများကို ကူညီရေးပစ္စည်းများ လာရောက်လှူဒါန်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အကြောင်းကြားရန် အမိန့်ပေးညွှန်ကြားကြောင်းနှင့် စစ်ရေးတင်းမာနေသော ရေဘေးသင့်ကျေးရွာများကို ကူညီရေးပစ္စည်းများ သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ တောင်ငူမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အလှူရှင်များမှ ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားရှိရာမှ  အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်ကာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် အလှူရှင်များမှလာရောက် လှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် အလှူရှင်များသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ တိုက်တွန်းနှိုးဆော်ပန်ကြားထားရှိပြီးဖြစ်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ စစ်ဆေးဆောင်ရွက်ခြင်းသာရှိပြီး တားဆီးပိတ်ပင်မှုများမရှိကြောင်း သိရှိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတာဝန်ရှိသူများအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်