Skip to main content

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၆/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်ရှိ လောကနတ်ခန်းမနှင့် ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး ဆရာမကြီးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

၂၀၀ ခန့် တက်ရောက်

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၆/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် စက်တင် ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ရုံးဖွင့်ရက်များတွင် နံနက် ၇ နာရီမှ ၉ နာရီအထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြသည်။

အဆိုပါ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ နိုင်ငံရေးဘောဂဗေဒနှင့် အထွေထွေဗဟုသုတဆိုင်ရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်