နေပြည်တော် စက်တင်ဘာ ၂၃
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရထားလမ်းတာပေါင်နေရာများနှင့် တံတားများ ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်တန့်ထားရသည့် ရန်ကုန်-မန္တလေး ပြေးဆွဲပေးနေသော အမှတ်(၁၁)အဆန်၊ (၁၂)အစုန်အမြန်ရထားခရီးစဉ်ကို လမ်းပိုင်းပြုပြင်ပြီးသည့် အခြေအနေအရ ရန်ကုန်-သာစည်၊ သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်နေ့မှစ၍ စတင်ပြေးဆွဲပေးလျက်ရှိသည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှုလွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ ရန်ကုန်-သာစည် အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ သာစည်ဘူတာသို့ ည ၈ နာရီခွဲတွင် ဆိုက်ရောက်ပြီး သာစည်-ရန်ကုန် အမှတ် (၁၂) အစုန် လူစီးအမြန်ရထားသည်လည်း သာစည်ဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည ၉ နာရီခွဲတွင် ရောက်ရှိပြေးဆွဲပေးလျက်ရှိသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန် - သာစည်ခရီးစဉ် လူစီးရထားများဖြင့် ပြေးဆွဲပေးနေမှုအပေါ် ခရီးသည် စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုမိုချိတ်ဆက်ခြင်း၊ ရထားစင်းရေ တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ဝမ်းတွင်းမြို့နယ် သဲတောနှင့် သပြေတောင်ကြား ရထားလမ်းတာပေါင်နှင့် တံတားများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ပြီးပါက ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို ပုံမှန်အတိုင်းပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
သတင်းစဉ်