Skip to main content

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၈၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် စက်တင်ဘာ ၂၂

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB  ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင်ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ စက်တင်ဘာ ၂၃ မှ ၂၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၈၅၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်  ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်