Skip to main content

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ ခေတ်မီနည်းပညာစွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၂

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းကရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၌ကျင်းပသော မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ Skills Dissemination Training on Industrial Internet of Things (IIoT) နှင့် Automation Techno-logy သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အဖွဲ့ဝင်နိုင်ငံများအကြား ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုများကိုမြှင့်တင်နိုင်မည့် ယုံကြည်နားလည်မှုများကိုပါ တည်ဆောက်နိုင်ခဲ့မည်ဟုယုံကြည်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဤစွမ်းရည်မြှင့်သင်တန်းမှ လေ့လာသိရှိမှုများကိုအခြေခံ၍ ပိုမိုတတ်ကျွမ်းပိုင်နိုင်အောင် ဆက်လက်လေ့လာသွားရန်၊ လုပ်ငန်းခွင်၌ အကျိုးရှိရှိ ပြန်လည်အသုံးချရန်နှင့် လုပ်ဖော်ကိုင်ဖက်များကိုပါ မျှဝေပေးသွားရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် မဲခေါင်ဒေသတွင်း နိုင်ငံများမှသင်တန်းသားများက သင်တန်းတွင် နည်းပညာဖလှယ်ခဲ့မှုများနှင့် လေ့လာခဲ့မှုအတွေ့အကြုံများကို ပြောကြားကြပြီး ဒုတိယဝန်ကြီးက သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်