နေပြည်တော် စက်တင်ဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့သွားရောက်ပြီး ရေဘေးသင့်၍ ထိခိုက်ပျက်စီးသွားသော သန့်ရှင်းသောသောက်သုံးရေဖြန့်ဝေခြင်း လုပ်ငန်းပြန်လည်ကောင်းမွန်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရိန်းယာဉ်တင်လေမှုတ်စက်ကြီးဖြင့် အနက်ပေ ၄၀၀ တွင်းနက်အား တွင်းဆေးတွင်းမှုတ်ပြုလုပ်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ရေကျသွားပြီဖြစ်သော ကျေးရွာတွင်းလမ်းများနှင့် ဘက်စုံသုံးခန်းမအတွင်းမှ သဲနုန်းများ ဖယ်ရှားရှင်းလင်းနေမှုကိုလည်းကောင်း၊ ကျေးရွာမူလတန်းလွန်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ရှင်းလင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ကျေးရွာအတွင်း ကျန်ရှိနေသောရေများ ထုတ်ပစ်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသော လုပ်ငန်းများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာ ၂၂ ရွာ၌ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ ရေပေးဝေရေးစနစ်များ ပြန်လည်ကောင်းမွန်ရေးတို့အတွက် တွင်းဆေးတွင်းမှုတ်လုပ်ငန်းများကို လိုက်လံဆောင် ရွက်ပေးလျက်ရှိရာ ကျွန်းဦးကျေးရွာအနေဖြင့် ယနေ့ညနေပိုင်းတွင် တွင်းဆေးတွင်းမှုတ်လုပ်ငန်း ပြီးစီးမည်ဖြစ်၍ ရေဖြန့်ဝေပေးနိုင်ရေးအတွက် လျှပ်စစ်မီးရရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျွန်းဦးခေတ်မီစံပြကျေးရွာသည် ပဲကြော်၊ ပဲလှော်လုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းအပေါ် မှီခိုနေသည့် လုပ်သားဦးရေ ၄၀၀ ခန့်ရှိပြီး ပဲလှော်ဖိုအကြီးအသေး ၁၆ ခု၌ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ပဲလှော်ဖိုများ အသစ်ပြန်လည် တည်ဆောက်ရန်၊ ကုန်ကြမ်းရရှိရန် လိုအပ်လျက်ရှိသည်။ ယင်းလို အပ်ချက်များအပေါ် ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ဒုတိယဝန်ကြီးသည် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်