Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်း ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး လုပ်ငန်းခွင်အတွင်း ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဓာတ်အားလိုင်း အူကြောင်းပြောင်းလဲတည်ဆောက်နိုင်ရန် တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဓာတ်အားအမြန် ပို့လွှတ်နိုင်ရေးလုပ်ငန်းများ ဆောလျင်စွာပြီးစီးနိုင်ရေးလူအင်အား၊ ယာဉ်ယန္တရားအင်အားများနှင့် ဓာတ်အားလိုင်းသုံး ဆက်စပ်ပစ္စည်းများကိုစုဖွဲ့၍ အင်ပြည့်အားပြည့်အသုံးပြုပြီး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ ဓာတ်အားလိုင်းပျက်စီးမှုများမှ ပြန်လည်ပြုပြင်သုံးစွဲ၍ရသော ပစ္စည်းများကိုလည်း ပြုပြင်သုံးစွဲသွားရန်နှင့် ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများကို စနစ်တကျ မှတ်တမ်းတင်စာရင်းပြုစု ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်ရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေသည့်လုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝါသံပေါင်များ ပြန်လည်ပြုပြင်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် တာဝါတိုင်များစိုက်ထူရန် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

အဆိုပါ ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂)ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေးနှင့် ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံးများနှင့် မဟာဓာတ်အားလိုင်းမှူးရုံးများမှ အင်ဂျင်နီယာများဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် လုပ်ငန်းများ လျင်မြန်စွာပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်