နေပြည်တော် စက်တင်ဘာ ၂၂
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ကျေးရွာများသို့သွားရောက်အားပေးပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတိုက်စားပျက်စီးခဲ့သော လယ်ဝေးမြို့နယ် နေပြည်တော်မြို့ ရှောင်လမ်းမကြီးမှ ကွမ်းခြံကျေးရွာ ဆက်သွယ်သောလမ်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအမြန်ပြီးစီးရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများကို အမြန်ဆုံးတင်ပြသွားရန် ဆွေးနွေးမှာကြားသည်။
လမ်း၊ တံတားပြန်လည်ပြုပြင်ဆောင်ရွက်မည်
ထို့နောက် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် တောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် သမဝါယမဦးစီးဌာနဦးစီးမှူးက မိုးစပါးနှင့်မိုးနေကြာစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးအလွန်ကာလတွင် အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာရှိ နေကြာစိုက်အသင်းသားတောင်သူထံ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များပေးအပ်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကျေးရွာရှိ စက်ရေတွင်းများအား တွင်းဆေးတွင်းမှုတ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နေကြာမျိုးစေ့များပေးအပ်
ဆက်လက်၍ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးရွာတောင်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တောင်သူများလိုအပ်သည့် သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေးနှင့် ထွက်ရှိလာသောသီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း မိုးစပါးရိတ်သိမ်းပြီးပါက ဆီထွက်သီးနှံဆောင်းနေကြာများ အချိန်မီစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြရန်လိုအပ်ကြောင်းပြောကြား၍ ပြည်ထောင်စုဝန်ကြီးက ဇောင်ချမ်းကုန်းကျေးရွာရှိ နေကြာစိုက်အသင်းသား တောင်သူ ၅၀အတွက် တီဘီအယ် (လ်) ကုမ္ပဏီမှထုတ်လုပ်သော ဆူရာကီရန် နေကြာမျိုးစေ့များနှင့် ရုရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည်များပေးအပ်ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်