နေပြည်တော် စက်တင်ဘာ ၂၂
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုနှင့်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့၌ ရေကြီးရေလျှံမှုများကြောင့် ယိုင်လဲပျက်စီးသွားသည့် မဟာဓာတ်အားလိုင်းများအားဌာနမှ အင်ဂျင်နီယာများဦးဆောင်ကာ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများသို့ ဓာတ်အားစနစ်မှတစ်ဆင့် တည်ငြိမ်သောလျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့်ဆက်စပ်ပစ္စည်းများကို စနစ်တကျဆယ်တင်သိမ်းဆည်းရှင်းလင်းပြီး မှတ်တမ်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည် အသုံးပြုသွားရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်သို့ရောက်ရှိရာ နမ့်ပန်တက်ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ ရေတိုက်စားပြီးယိုင်လဲပျက်စီး ခဲ့မှုနှင့်ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဖြစ်စဉ်ကို သင်ခန်းစာယူ၍ နောင်သဘာဝဘေးများဖြစ် ပေါ်လာခဲ့ပါက ဓာတ်အားလိုင်းများ မပျက်စီးနိုင်ရေး လိုင်းအူကြောင်းများ ရှာဖွေရွှေ့ပြောင်း တည်ဆောက်ရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိရန်နှင့် ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအားစနစ်တကျပြန်လည်တပ်ဆင် အသုံးပြုသွားရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ကြရန်မှာကြားကာ လုပ်ငန်းများဆောင်ရွက်နေကြသည့် ဌာနမှဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့အတူ ဒုတိယဝန်ကြီးသည် ကလောမြို့ပေါ် ရပ်ကွက်များသို့ရေဝင်ရောက်၍ ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများပျက်စီးခဲ့မှုနှင့် ပြန်လည်အစားထိုး ပြုပြင်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားကို အသိ၊ သတိဖြင့် အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ပေးကြရန်၊ ရေကြီးရေလျှံခဲ့စဉ် ရေနစ်မြုပ်ခဲ့သည့် နေအိမ်၊ အဆောက်အအုံများ၏ ဓာတ်အားလိုင်းများ၊ မီတာများနှင့် အိမ်တွင်းလျှပ်စစ်ဝိုင်ယာ သွယ်တန်းထားရှိမှုများကို စနစ်တကျစစ်ဆေးပြီးမှသာ ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးရန် မှာကြားသည်။
ကလောမြို့နယ်တွင် ရေကြီး ရေလျှံမှုများကြောင့် ၃၃ ကေဗွီ ရေပေါင်းစုံ - ပြည်ညောင် - နမ့်ပန်တက် ဓာတ်အားလိုင်း (၅)မိုင်ခန့်၊ ၁၁ကေဗွီလိုင်း ၁ဒသမ ၃ မိုင်ခန့်၊ ၄၀၀ဗို့ဓာတ်အားလိုင်း ၀ ဒသမ ၈၅မိုင်ခန့် ယိုင်လဲပျက်စီး ခဲ့ပြီး ၁၁/၀ ဒသမ ၄ကေဗွီ ထရန် စဖော်မာ ၁၀ လုံးခန့်နှင့် ၄၀၀ ဗို့ Panel ခုနစ်လုံးခန့် ရေနစ်မြုပ်ခြင်း များ ဖြစ်ပေါ်ခဲ့၍ ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ကို ဌာနမှ ကျွမ်းကျင်ဝန်ထမ်း များဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်မှစ၍ ကလောမြို့ပေါ်ရှိ မီးသုံးသူ ၈၅ ရာခိုင်နှုန်းကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်