နေပြည်တော် စက်တင်ဘာ ၂၂
ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့၌ “The Constitutional Courts and Equivalent Instituti-ons in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိကျင်းပသည့် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC)၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
AACC အသင်းကြီး၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများမှဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများတက်ရောက်ခဲ့ကြသည်။
ဆွေးနွေးဆုံးဖြတ်ခဲ့
စက်တင်ဘာ ၁၈ ရက်တွင် ညီလာခံဖွင့်ပွဲအခမ်းအနားနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကိုကျင်းပ၍ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးသုံးရုံးမှ ၎င်းတို့၏ ဆောင်ရွက်မှုအစီရင်ခံစာများကို တင်ပြခဲ့ကြပြီး AACC အသင်းကြီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ညီလာခံအပြီးတွင် ထုတ်ပြန်မည့် ဘန်ကောက်ကြေညာစာတမ်း (The Bangkok Declaration) တို့အပေါ် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ဗဟုသုတများကိုဖလှယ်
စက်တင်ဘာ ၁၉ ရက်တွင် ညီလာခံကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ခုံရုံးဥက္ကဋ္ဌက “The Role of the Constitutional Courts and Equiva-lent Institutions in Strengthening Constitutional Justice for Sustainable Society” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် ဖွံ့ဖြိုး တိုးတက်လာမှုများအကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ အရေးပါပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင်ပိုင်ခွင့်များအကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုအစရှိသည်တို့နှင့်စပ်လျဉ်း၍ ထည့်သွင်းဆွေးနွေးခဲ့ပြီး ညီလာခံသို့တက်ရောက်လာကြသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများမှဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များနှင့် ဥပဒေပညာရှင်များကလည်း ၎င်းတို့နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ နှင့်စပ်လျဉ်းသည့် အသိအမြင်၊ အတွေ့အကြုံ၊ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်