နေပြည်တော် စက်တင်ဘာ ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ် ပြန်/ဆက် ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရေဘေးသင့်ခံရသော ညောင်ရွှေမြို့သို့ရောက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ စိန်ရတုဆွမ်းစားဆောင် ရေဘေးကူညီကယ်ဆယ်ရေးစခန်းသို့ရောက်ရှိကာ ရေဘေးသင့်မိသားစုများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့်အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ရေနစ်မြုပ်နေသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာကြည့်တိုက်သို့ရောက်ရှိပြီး ရေနစ်ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်၍ ပျက်စီးမှုများပြုပြင်ရေးနှင့် ဆက်လက်ဆောင်ရွက်ရန်များကို မှာကြားသည်။
ညောင်ရွှေမြို့နယ်ရုံးနှင့် စာကြည့်တိုက်အနေဖြင့် ရုတ်တရက်ရေကြီးလာစဉ်မှာပင် ရုံးသုံးစက်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ စာအုပ်များကိုအပေါ်ထပ်သို့ ပြောင်းရွှေ့နိုင်ခဲ့ကာ ဆက်လက်ရေတက်မှုကြောင့် ပစ္စည်းများကို လှေဖြင့်ရေလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုနည်းပါးခဲ့ပြီး ရေများပြန်ကျသွားပါက သန့်ရှင်းရေးများဆောင်ရွက်၍ စာကြည့်တိုက်ကို ပြန်လည်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်