Skip to main content

အားလုံးလုံ့လဝီရိယအားထုတ်မှုဖြင့် မူလအခြေအနေရရှိရေးကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိရေဘေး သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့စဉ် မူလအခြေအနေပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ကဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ကျေးလက်နေပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှုမှာ များပြားလှသည်။ အထူးသဖြင့် ကျေးလက်နေပြည်သူအများစုမှာ စိုက်ပျိုးမွေးမြူရေးကို အဓိကအသက်မွေးဝမ်းကျောင်းပြုကြသဖြင့် ၎င်းတို့၏လူမှုစီးပွားဘဝများ ပျက်ပြားခဲ့ရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရရှိထားသောစာရင်းများအရ မြို့နယ် ၅၆ မြို့နယ်တွင် လုံးဝပျက်စီးသည့်အဆောက်အအုံ ၂၁၄၉ လုံး၊ ရေဝင်နစ်မြုပ်ခဲ့သည့်နေအိမ် ၁၃၆၀၂၃၊ ပြည်သူ ၃၈၄ ဦး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးလျက်ရှိသည်။ စာသင်ကျောင်း ၅၄၆ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၄၃၅လုံး၊ တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၄၄၉၉၈ ကောင် သေဆုံးပြီး စပါးသီးနှံစိုက်ဧက ၇၃၅၄၆၁ ဧက ရေဝင်နစ်မြုပ်ခဲ့သည်။

စိုက်ပျိုးရေးလုပ်ငန်းတွင် အထူးသဖြင့် စပါးစိုက်ခင်း၊ ပဲစိုက်ခင်း၊ နှမ်းစိုက်ခင်းနှင့် အခြားသီးနှံစိုက်ခင်းများ ရေဝင်နစ်မြုပ်ပျက်စီးခဲ့သည်။ စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် ရေပြန်ကျချိန်တွင် စပါးတစ်သီး ပြန်လည်စိုက်ပျိုးရန်အတွက် အခက်အခဲရှိမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်ကတတ်နိုင်သမျှ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ နွေသီးနှံများကို အပြည့်အဝပြန်လည်စိုက်ပျိုးပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် မိုးသီးနှံများအစား အစားထိုးပြန်လည်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

မွေးမြူရေးနှင့်ပတ်သက်၍ မွေးမြူထားသည့် ခိုင်းကျွဲ၊ ခိုင်းနွားများအပါအဝင် မွေးမြူရေးတိရစ္ဆာန်များနှင့် အခြားတိရစ္ဆာန်များသေဆုံးခဲ့သည်။ မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက်လည်း နိုင်ငံတော်အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လတ်တလောတွင် ရေဘေးသင့်ပြည်သူများ စားရေးသောက်ရေး၊ နေရေးထိုင်ရေးကို ဦးစွာစီမံဆောင်ရွက်ပေးလျက်ရှိသည်။ ဆက်လက်၍ လယ်ယာမြေပြုပြင်ရေး၊ ထွန်ယက်စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

တောင်သူများအနေဖြင့် လာမည့်သီတင်းကျွတ်ကာလရောက်လျှင် ဆောင်းသီးနှံစိုက်ပျိုးရေးကို စတင်နိုင်မည်ဖြစ်၍ ပဲမျိုးစုံနှင့်အခြားသီးနှံများ စိုက်ပျိုးပြီးနောက် နွေစပါးစိုက်ပျိုးရေးကို ဆက်လက်ဆောင်ရွက်လိုကြမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလေးမျိုးအပြင် စိုက်ပျိုးစရိတ်များပါ ပံ့ပိုးသွားခြင်းဖြင့် တောင်သူများဘဝ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ပြီး ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့်ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ပေါင်း ၂၀ ကျော်ရှိ စပါးစိုက်ခင်း ဧကတစ်သိန်းကျော် ရေကြီးနစ်မြုပ်ပြီးနောက် စပါးအပါအဝင် အခြားသီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ခဲ့သည်။ ယခုရေမြုပ်စိုက်ခင်းများကို ပြန်လည်ပြုပြင်ပြီး ဆောင်းသီးနှံစိုက်ပျိုးပြီးနောက် နွေစပါးစိုက်ပျိုးခြင်းဖြင့် တောင်သူများ လူမှုစီးပွားဘဝ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့််ရှိသဖြင့် ယခုစပါးစိုက်ဧကများ ပျက်စီးမှုများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာမရှိချေ။ လက်ရှိတွင် ပြည်တွင်း၌ ဆန်စပါး လုံလောက်စွာရှိပြီး ဆန်စပါးလက်ကျန် အရန်ဆန်စုစုပေါင်းတန်ချိန် လေးသန်းခန့်ရှိသဖြင့် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံလောက်ငမှုရှိသည်။ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်ကြောင့် ဆန်အတွက်အခက်မကြုံနိုင်ပေ။ လတ်တလောတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး တစ်ဆက်တည်းတွင် စိုက်ပျိုးမွေးမြူရေးအပါအဝင် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ ရေဘေးသင့်ပြည်သူများအပေါ် ထားရှိ သည့်စေတနာအတိုင်း ရေဘေးသင့်ပြည်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအတွက် စိတ်ဓာတ်ကျရန်မလိုဘဲ နိုင်ငံတော်အစိုးရ၏ အားပေးကူညီ ပံ့ပိုးမှုများနှင့်အတူ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် မူလအခြေအနေအတိုင်းသာမက ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝအခြေအနေကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း။ ။