၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူတော့မည်ဖြစ်ရာ ယခုအခါ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်အတွက် ရက်သတ္တတစ်ပတ်ခန့်သာလိုတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းသည် လက်ရှိလူဦးရေစာရင်းရရှိရန်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက်ပါ များစွာအထောက်အကူပြုမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ကောက်ယူကြမည့် ဝန်ထမ်းများအတွက် စနစ်တကျရှိပြီး စိတ်ဝင်စားစရာဖြစ်သလို ပြန်လည်ဖြေကြားကြရမည့် ပြည်သူများအနေဖြင့် စာရင်းအချက်အလက်များသည် အရေးပါပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိမှုတို့ကို သိရှိနားလည်ထားရန်လိုအပ်သည်။ ပြည်သူများအနေဖြင့် လူအမျိုးမျိုး စိတ်အထွေထွေရှိကြသည်ဖြစ်၍ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ နားလည်သဘောပေါက်ကြသူများရှိသလို နားမလည်သဘောမပေါက် ကြသူများလည်းရှိမည်ဖြစ်သည်။ နားလည်သဘောပေါက်ပြီး အဆင်ပြေကြသူများရှိသလို အဆင်မပြေပြောဆိုဆက်ဆံကြမည့်သူများလည်းရှိမည်ဖြစ်သည်။
အဓိကမှာ ကောက်ယူရရှိသည့် အချက်အလက်များ၏ အရေးပါမှုကို သိရှိနားလည်ပြီး စိတ်ရှည်သည်းခံ စနစ်တကျမေးမြန်းကောက်ယူရန်လိုအပ်သည်။ ထိုလုပ်ငန်းကို အမျိုးသားရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုခံယူပြီး သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်းများ အောင်မြင်ပြီးဆုံးသည်အထိ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာဆောင်ရွက်ရသဖြင့် ကြီးမားကျယ်ပြန့်သည့်လုပ်ငန်းကြီးဖြစ်သည်။ သတ်မှတ်ကာလအတွင်း ကောက်ကွက်အလိုက် ပြီးမြောက်အောင်မြင်စေရန်အတွက် မေးမြန်းမှတ်သားမှု စနစ်တကျဖြစ်စေရန် သင်တန်းများတက်ရောက်၍ မှတ်သားထားရသည်။
ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်အဆင့်သင်တန်းများကို ခရိုင်အဆင့်မြို့များတွင် တစ်ပြိုင်တည်းဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းပြီးဆုံးပါက မြို့နယ်အလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဟု သိရသည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် သန်းခေါင်စာရင်းအချက်အလက်များ၏ အသုံးဝင်မှုနှင့် မေးမြန်းရမည့်မေးခွန်းများ၏ အရေးပါမှုကို သိရှိနားလည်ပြီး သင်တန်းပို့ချချက်များနှင့် မိမိတို့၏အတွေ့အကြုံများကို ပေါင်းစပ်ကာ မြေပြင်တွင် တွေ့ကြုံရမည့်အခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရေး အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းဥပဒေကို သိရှိထားရန်လိုအပ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းတွင် နည်းပညာအသုံးပြု၍ မေးမြန်းကောက်ယူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေတို့ကို သိရှိနားလည်ပြီး စာရင်းစစ်၊ စာရင်းကောက်များသာမက ပြည်သူများအတွက်ပါ အကာအကွယ်ပေးထားသည့် ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ထားရန် လိုအပ်သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးကို အိမ်ထောင်စုမေးခွန်းပုံစံများအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံများအတွက် မေးခွန်း ၁၈ ခု ဖြင့် တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီပါဝင်ဆောင်ရွက်နိုင်ရေး ကြိုတင်အသိပေးရှင်းလင်းချပြထားရန် လိုအပ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်၍ အချက်အလက်မှန်ကန်ရေးသည် အရေးကြီးသော အချက်ဖြစ်သည်။
ထို့အပြင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရာတွင် မြေပြင်ကွင်းဆင်းကောက်ယူရရှိသည့် စာရင်းအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူခြင်းတို့မှ ရရှိသည့် သန်းခေါင်စာရင်းအချက်အလက်များအပေါ်တွင် အခြေခံပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတို့မှ ရရှိသည့် အချက်အလက်များကိုပေါင်းစပ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ထိရောက်စွာအထောက်အကူပြု အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်မည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်နှင့်အညီ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်ပြီးမြောက်မည်ဖြစ်၍ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။