Skip to main content

ရှေ့လုပ်ငန်းစဉ် (၅) ရပ် အောင်မြင်ပြီးမြောက်ရေး ဝိုင်းဝန်းကူညီပေး

ရေဘေးဒဏ်သင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စေတနာရှင်၊ အလှူရှင်များက သဒ္ဓါတရားထက်သန်မှုကို လက်တွေ့ပြသ၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်မှာ တွေ့မြင်ကြားသိရသူတိုင်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဖွယ်ရာပင်ဖြစ်သည်။ တစ်သက်မှာတစ်ခါ မတွေ့ဖူး၊ မကြုံဖူးခဲ့ကြသော သဘာဝဘေးအန္တရာယ်ဆိုးကြီး မမျှော်လင့်ဘဲ ကျရောက်လာချိန်တွင် ထိခိုက်ခံစားကြရသူအများစုမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ၊ ဝင်ငွေနည်းပါးသူများဖြစ်ကြပြီး အသက်မှလွဲ၍ အဝတ်တစ်ထည် ကိုယ်တစ်ခုသာပါလာသူ၊ မိသားစုလျော့နည်းပျက်စီးသွားသူ၊ အိမ်အပါအဝင် ပိုင်ဆိုင်မှုအားလုံးရေမျောသွားသူစသည် စသည်ဖြင့် ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရသူများလည်း ပါဝင်သည်။

ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားရာတွင် ပါဝင်သည့်အချက်အလက်များအရ ပြည်နယ်နှင့် တိုင်းဒေသကြီးကိုးခုရှိ မြို့နယ်ပေါင်း ၅၄ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ ပျောက်ဆုံး၊ ပျက်စီးမှုအရေအတွက်ပမာဏ များပြားကြီးမားလှသည်ကို တွေ့ရှိနိုင်သည်။ လေပြင်းတိုက်ခတ်မှုမရှိဘဲ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုတောင်ပြိုမှုတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့်အပျက်အစီးပမာဏမှာ ယမန်နှစ်မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါထက်များစွာ ကျော်လွန်ခဲ့သည်၊၊ သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းသိရှိခြင်းနှင့် ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ခြင်းတို့၏ ရလဒ်နှင့်စပ်လျဉ်း၍ သင်ခန်းစာတစ်ခုဟူ၍ ဆိုနိုင်သည်။

မိမိတို့နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် ကပ်ဘေးဟုဆိုနိုင်သည့် ဘေးအန္တရာယ်ကြီးများကို နိုင်ငံသူ နိုင်ငံသားများ ရင်ဆိုင်ကျော်လွှားခဲ့ရသည်။ ပထမတစ်ခုမှာ ၂၀၂၀ ပြည့်နှစ်၊ မတ်လစတုတ္ထပတ်တွင် မြန်မာနိုင်ငံအတွင်းဝင်ရောက်လာခဲ့သည့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လှိုင်းမြင့်တက်လာခြင်းဖြစ်သည်။ ထိုအချိန်က တစ်နိုင်ငံလုံးတွင် ခန့်အပ်ဆရာဝန် ၁၅၀၀၀ ခန့်နှင့် ကျန်းမာရေးဝန်ထမ်း ၁၀၆၀၀၀ ခန့်ရှိသည့်အနက် အရေအတွက်အချို့ နိုင်ငံရေးဝါဒမှိုင်းမိကာ ပြည်သူများ၏အသက်နှင့် ကျန်းမာရေးတို့ကို မငဲ့ကွက်ဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားခဲ့ကြသည်။ တစ်ကမ္ဘာလုံးတွင် ဖြန့်ဝေပေးနေသည့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများလည်း မိမိတို့နိုင်ငံသို့ ရောက်မလာ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် ဦးစွာကိုယ့်အားကိုယ်ကိုးခဲ့ရပြီး တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် မိတ်ဆွေနိုင်ငံများ၏ ကူညီမှုတို့ ရယူခဲ့ရသည်။

ဒုတိယဘေးအန္တရာယ်ကြီးမှာ ၂၀၂၃ ခုနှစ် မေလ ၉ရက်မှ ၁၅ ရက်အတွင်း ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းဖြစ်သည်။ အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းကြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်းသို့ ဝင်ရောက်မလာမီ ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းတိုက်ခတ်ချိန်တွင် အရေးပေါ်တုံ့ပြန်မှုများ၊ မုန်တိုင်းအပြီးကာလတွင် ပြန်လည်ထူထောင်မှုများ ပြုလုပ်ခဲ့သည်မှာ ဦးဆောင်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ စိတ်အားထက်သန်မှုစသည်ဖြင့် အဘက်ဘက်တွင် မော်ကွန်းမှတ်ကျောက်တင်နိုင်သည်။ ပြည်တွင်းအင်အားသည်သာ နိုင်ငံ၏အစစ်အမှန်အင်အားဖြစ်သည်နှင့်အညီ မှန်ကန်သည့်ဦးဆောင်မှုနောက်တွင် စည်းလုံးညီညွတ်သည့်အင်အားဖြင့် လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မလွဲဧကန်အောင်မြင်မှုရရှိသည်ကို ပြသနိုင်ခဲ့ခြင်းဖြစ်သည်။

အလှူငွေပေးအပ်လှူဒါန်းပွဲတွင် နိုင်ငံတော်အကြီးအကဲက “ကျွန်တော်တို့အနေနဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်းပဲ ဖြစ်အောင်သွားပါမယ်၊ ကျွန်တော်တို့ တကယ်တမ်းပြောရလို့ရှိရင်တော့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်က ပြီးခဲ့တဲ့ ဟို ၂ နှစ်ကတည်းက ပြီးရမှာပါ၊ အကြောင်းအမျိုးမျိုးကြောင့် မပြီးဘူး ဖြစ်သွားပြီးတော့ ဒီဘက်အထိ ရှည်လာတယ်၊ အဲဒီတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပြီးအောင် အကောင်အထည်ဖော်ချင်ပါတယ်၊ ဒီအတွက်လည်း ဝိုင်းဝန်းကူညီပေးကြဖို့လည်း ပြောလိုပါတယ်”ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။ မကြာမီ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူတော့မည်ဖြစ်ရာ ရက်အားဖြင့် (၈) ရက်သာ လိုတော့သည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ သန်းခေါင်စာရင်းမှသည် မဲစာရင်း၊ ရွေးကောက်ပွဲစသည်ဖြင့် ရှေ့သို့တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းကြရမည်ဖြစ်ရာ ပြည်သူတို့၏ စည်းလုံးညီညွတ်မှုအင်အားကို မဖြစ်မနေလိုအပ်သည်။

ရှေ့တွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ သဘာဝဘေးအန္တရာယ် များကို အောင်အောင်မြင်မြင်ရင်ဆိုင်ကျော်လွှားခဲ့ကြပြီးဖြစ်ရာ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အချိန်နှင့်တစ်ပြေးညီ ပြီးမြောက်အောင်မြင်ရေးအတွက် မှန်ကန်သည့် ဦးဆောင်မှုနောက်တွင် စည်းလုံးညီညွတ်သည့်အင်အားဖြင့် လိုက်ပါကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။