Skip to main content

မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၁

ရာဂိမုန်တိုင်းကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ငွေကျပ်နှစ်ထောင့်ရှစ်ရာငါးဆယ့်ကိုးသိန်းရှစ်သောင်းကို အသီးသီးပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အလားတူ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် အလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် ခုနှစ်ထောင်တစ်ရာကိုးဆယ်တစ်သိန်းသုံးသောင်းတစ်ထောင်အား အသီးသီးပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။