Skip to main content

အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၀

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု “စံ”သတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်စက်တာဘာ ၁၆ ရက်အထိ ၂၉၆၈၇ ဦးဖြေဆိုခဲ့ပြီး သတ်မှတ်အရည်အချင်းကိုက်ညီသူ ၂၇၂၅၀ ရှိပြီးယနေ့အထိ လုပ်သား ၂၆၈၉၉ ဦးကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးပြီးဖြစ်ပြီး ကျန်ရှိလုပ်သား ၃၅၁ ဦး အတွက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များပေးနိုင်ရေး စီမံထားပြီးဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ကာယကံရှင်၊ အလုပ်ရှင်၊ အလုပ်ဌာနနှင့် နိုင်ငံတော်အတွက်များစွာ အထောက်အပံ့ဖြစ်စေပြီး ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ UMFCCI ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း အပါအဝင် ညီနောင်အသင်းများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန်တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသ ကြီး လှိုင်သာယာအနောက်ပိုင်း မြို့နယ်ရွှေသံလွင်စက်မှုဇုန်ရှိ Tri-Win Leather Myanmar Co.,Ltd. အိတ်ချုပ်စက်ရုံ၊ San Yuan (Myanmar) Apparel MFG Co.,Ltd. အထည်ချုပ်စက်ရုံနှင့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်(၄)ရှိ KBL Fashion နှင့် Hunter Textile Co.,Ltd. အထည်ချုပ်စက်ရုံများသို့ သွားရောက်၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုပြီး အဆိုပါစက်ရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက CMP လုပ်ငန်းသာမက အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် SME လုပ်ငန်းများကို ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခွင့်ပြုပေးလျက်ရှိရာ သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ်ဆောင်ရွက်ပေးမှုကို အလေးထားလိုက်နာ၍ စက်ရုံရှိ စက်ရုံအလုပ် သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့သည် အလုပ်ရှင်နှင့် လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အပြန်အလှန်စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်