နေပြည်တော် စက်တင်ဘာ ၂၀
တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့် ဒေသများတွင် ဒေသခံဘာသာစကားဖြင့် မေးမြန်း၍ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးကတိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ တိုင်းရင်းသား ဘာသာစကားကိုသာ အသုံးပြုသည့် တိုင်းရင်းသား များအတွက် ၎င်းတို့၏ ဘာသာစကားဖြင့် မေးခွန်း များကို သေချာစွာနားလည်သဘောပေါက်မှသာ မှန်မှန်ကန်ကန် ဖြေဆိုနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် နေရာများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမှု၏ မေးခွန်းပါအချက်အလက်များ မှန်မှန်ကန်ကန်ရရှိမှုသည် အလွန်အရေးကြီးကြောင်း၊ ရရှိလာသည့် လုပ်ငန်းစဉ်လိုအပ်ချက်များကို မှန်ကန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မှသာ ပင်မနိုင်ငံသားများ ဖြစ်ကြသည့် ပြည်ထောင်စုဖွားမိမိတို့ တိုင်းရင်းသားလူမျိုးများအားလုံးအတွက် လိုအပ်သည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရလဒ်ကောင်းကို ပိုမိုပြီး စနစ်တကျရရှိနိုင်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တိုင်းရင်းသားဘာသာစကားကိုသာ အသုံးပြုသည့်ဒေသများတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ စနစ်တကျကောက်ယူနိုင်ရေးအတွက် နယ်မြေအနေအထားအရ လိုအပ်သည်များ ကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကော်မရှင်၏လမ်းညွှန်ချက်နှင့်အညီ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာများ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်ကို အောင်မြင်စွာကောက်ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများက သန်းခေါင်စာရင်းကောက်ယူရာ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်