Skip to main content

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ သွားရောက် ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၂၀

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိစစ်ဆေးသည်။

ထိုသို့ စစ်ဆေးစဉ် စက်ရုံမှူးနှင့်အရာထမ်းများ၊ စက်ရုံတည် ဆောက်ရေး စီမံကိန်းအဖွဲ့နှင့်ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရမှုကြောင့် စက်ရုံရှိစတိုခြောက်လုံး ရေဝင်ရောက်မှု၊ နမ့်တစ်ဖက်ချောင်းရေလျှံ၍ ပထမအဆင့်ရေတွန်း အလုပ်ရုံသို့ရေဝင်ရောက်မှု၊ မိုင်းတောင်အတက်လမ်းပျက်စီးခဲ့မှု၊ စက်ရုံအဝင်လမ်းမကြီးဘေး ကျောက်စီရေမြောင်းပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ရန်ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံရှိ ကေဘယ်ကြိုးများ သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေသန့်စင်သည့် အလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြုပြင်မှုလုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေသန့်စင်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများ အလိုအလျောက် ထိန်းချုပ်မောင်းနှင်နိုင်ရေးအတွက် ပရိုဂရမ်ရေးဆွဲခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးမှု၊ ပထမအဆင့်ကြိတ်ခွဲအလုပ်ရုံတွင် မြေထိန်းနံရံများ ပြုလုပ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြုပြင်နိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေ ရေးအတွက် ကြိုတင်ကာကွယ်ရေး စီမံချက်များကို ရှုထောင့်ပေါင်း စုံမှသုံးသပ်၍ စီမံရေးဆွဲထားရန်၊ ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့် အစီအမံနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည့် အစီအမံတို့ကို လက်တွေ့ကျကျ ရေးဆွဲထားရန် မှာကြားသည်။

စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရသည့်နေရာများ၊ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ၊ ရေသန့်စင်ရေးအလုပ်ရုံ၊ ဒိုလိုမိုက် ကျောက်ထုတ်လုပ်ရေး အလုပ်ရုံနှင့်သံသတ္တုရိုင်းများ ကြိတ်ခွဲဆန်ခါချအလုပ်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်