Skip to main content

လေဖိအားနည်းဆဲလ် ကယား၊ ကရင်၊ မွန်ပြည်နယ်နှင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြတ်ကျော်နိုင်

နေပြည်တော် စက်တင်ဘာ ၂၀

ယနေ့ညနေ ၅ နာရီခွဲတိုင်းထွာချက်များအရ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ထိုင်းနိုင်ငံကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီ အတွင်း မြန်မာနိုင်ငံ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ၂၃-၉-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်း ရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ လေဖိအားနည်းဆဲလ်နှင့်အကြွင်း အကျန်တိမ်တိုက်များ၏အရှိန်ကြောင့် ယနေ့ညမှ ၂၅-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

အကြုံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင် ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ