နေပြည်တော် စက်တင်ဘာ ၂၀
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားစီမံကိန်းလုပ်ငန်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက် မွေးဝမ်းကျောင်း ပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက Online Syetem ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီက ချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် ဘဏ္ဍာနှစ်အလိုက် စီမံကိန်းလုပ်ငန်းများ လျာထားခြင်းများ ဆောင်ရွက်ရာ၌ ထိရောက်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်စေရေးအတွက် ယခုလို လုပ်ငန်းဆပ်ကော်မတီ တစ်ခုချင်းစီအလိုက် အသေးစိတ်ညှိနှိုင်းဆွေးနွေး ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်း ဆပ်ကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်စီမံကိန်းလုပ်ငန်းများ လျာထားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ပုံ ငွေခွင့်ပြုမှုအပေါ်မူတည်၍ ဦးစားပေးအလိုက် စီမံဆောင်ရွက်သွား ကြရန်၊ လျာထားစီမံကိန်းလုပ်ငန်းများကို စနစ်တကျစိစစ်၍ အမှန်တကယ်လိုအပ်ချက်ရှိသည့် ဒေသများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့်အသက် မွေးဝမ်းကျောင်း ပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ လုပ်ငန်းဆပ်ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဦးစားပေးအဆင့်အလိုက် လျာထားမှုအခြေနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့မှုအပေါ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်