Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် မော်လမြိုင်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

ဘားအံ စက်တင်ဘာ ၂၀

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများ၌ နေထိုင်ကြလျက်ရှိသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် ဘားအံမြို့ ပြည်ထောင်စုရိပ်သာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှု၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ စာသင်ကျောင်းများ ယာယီပိတ်ထားရမှုနှင့် ပြန်လည်ဖွင့်လှစ်နိုင်မှု၊ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းမှု၊ မိုးစပါးရေနစ်မြုပ်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် ရေကြီးရေလျှံမှုဖြစ်စဉ်က တင်ကျန်ခဲ့သော သဲနုန်းများအား တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့နှင့်ဒေသခံပြည်သူများပူးပေါင်းပြီး မီးသတ်ရေသယ်ယာဉ်၊ ယန္တရားများအသုံးပြု၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် အောင်ချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းကပ်လှူပူဇော်၍ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် အလှူငွေကျပ် ၁၀ သိန်းကို ဂေါပကအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ဖူးမြော် ကြည်ညို၍ အဆိုပါစေတီတော်၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရေဘေးသင့် အိမ်ထောင်စု ၂၈၅ စု၊ လူဦးရေ ၁၄၃၉ ဦးအတွက် ဆန်အိတ် ၃၀၊ ဆီ ၁၄၅ ပိဿာ၊ ကြက်ဥအလုံး ၃၀၀၀နှင့် စားသောက်ဖွယ်ရာများ ကိုထောက်ပံ့ပေးအပ်ကာ ရေဘေးရှောင်စခန်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ပြည်နယ်လမ်းဦးစီးဌာနမှ ရေဘေးသင့် ပြည်သူများအား ချက်ပြုတ်ကျွေးမွေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ပေးအပ်လှူဒါန်း

ယင်းနောက် ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ အလင်းတိုက်စာကြည့်တိုက်ပရဝဏ်၌ ရေဘေးရှောင် ပြည်သူများအား ချက်ပြုတ်ကျွေးမွေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးကြပြီး အလင်းတိုက်စာကြည့်တိုက်အတွင်း စာအုပ်၊ စာပေများလေ့လာဖတ်ရှုနေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားကာ စာအုပ်စာစောင်များ ဝယ်ယူနိုင်ရန် စာကြည့်တိုက်မှူးထံ ငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ လှာကမြင် ကွက်သစ်အခြေခံပညာအလယ် တန်းကျောင်း(ခွဲ) ယာယီရေဘေး ရှောင်စခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ရေဘေးသင့် အိမ်ထောင်စု ၁၄၇ စု၊ လူဦးရေ ၆၃၇ ဦးအတွက် ဆန် ၁၄ အိတ်၊ ဆီ ၇၅ ပိဿာ၊ ကြက်ဥ အလုံး ၁၃၀၀၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဘားအံမြို့ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း ယာယီရေဘေးရှောင် စခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ရေဘေးသင့် အိမ်ထောင်စု ၂၁၉ စု၊ လူဦးရေ ၉၇၀ အတွက် ဆန်အိတ် ၃၀၊ ဆီ ၁၄၅ ပိဿာ၊ ကြက်ဥအလုံး ၂၀၀၀၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ အရာထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရန် ပြောကြားသည်။

အားပေးစကားပြောကြား

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်