Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအစည်းအဝေး (၂/၂၀၂၄)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၂၀

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး(၂/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

မူပိုင်ခွင့်မှတ်ပုံတင်ခြင်းစနစ်

ဦးစွာ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိုင်ငံတော်အနေဖြင့် မူပိုင်ခွင့်ဥပဒေများကို အာဏာသက်ဝင်နိုင်ခဲ့ပြီး ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားခြင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် လျှောက်ထားခြင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် လျှောက်ထားခြင်းတို့ကို လက်ခံဆောင်ရွက်နေပြီဖြစ်သည့်အတွက် နိုင်ငံတော်တွင် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းစနစ်သည် အာဆီယံနိုင်ငံနှင့်အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ စတင်ဖွံ့ဖြိုးတိုးတက်လာပြီဟုဆိုရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်အာဆီယံဒေသတွင်း မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်း ကျန်အဖွဲ့ဝင်နိုင်ငံများနည်းတူ ပါဝင်ဆောင်ရွက်လာနိုင်ပြီဖြစ်သည့်အတွက် ဦးဆောင်နိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံတော်အနေဖြင့် ယှဉ်ပြိုင်မှုမြင့်မားသော MSMEs များအဖြစ် ရပ်တည်လာနိုင်စေရေးအတွက် ရန်ပုံငွေ၊ နည်းပညာနှင့်လိုအပ်သည့် အခြားကူညီထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့လုပ်ငန်း၏ အမှတ်တံဆိပ်များ၊ ဖန်တီးမှုဒီဇိုင်းများ၊ တီထွင်ဖန်တီးမှုများနှင့် စာပေနှင့်အနုပညာလက်ရာများကိုလည်း မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူနိုင်ကြခြင်းဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်နှင့် သုတေသနဌာနများမှ တီထွင်ဖန်တီးလိုသည့် လက်ရာများကို ဈေးကွက်တွင်ဖြန့်ဖြူးနိုင် စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းသည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင့်သုံးနေ သည့်စနစ်တစ်ရပ်ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ဖြင့် နည်းပညာများလွှဲပြောင်း ရယူနိုင်မည်ဖြစ်ပြီးနိုင်ငံတော်ရှိ ကုန်ထုတ်လုပ်မှုကဏ္ဍ မြင့်မားတိုးတက်လာစေရေး အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ထို့ကြောင့် နိုင်ငံတော်တွင် မူပိုင်ခွင့်အကာ အကွယ်ပေးသည့် စနစ်တည်ထောင်ရာတွင် အများပြည်သူ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးကိုဦးတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အတည်ပြုခဲ့ပြီးသည့် အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် တာဝန်ခံဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးသို့ ပါဝင်တက်ရောက်ကြသည့် တာဝန်ခံဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မူပိုင်ခွင့်ဆိုင်ရာ ပညာရှင်များ အနေဖြင့် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက်များကို အကောင်အထည် ဖော်ရာတွင် အထောက်အကူ ဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ်ပေးခြင်း စနစ်တစ်ရပ်ကျင့်သုံးရာတွင် မိမိတို့ပါဝင်ဆောင်ရွက်နိုင် သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဗဟိုကော်မတီတွဲဖက် အတွင်းရေးမှူးက မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့တင်ပြသည့် အမှာစာများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ညွန်ကြားရေးမှူးချုပ်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်