နေပြည်တော် စက်တင်ဘာ ၂၀
တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်း တာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် စက်တင်ဘာ ၁၃ ရက်မှစတင်၍ ယာယီရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်နှင့်သာစည်အကြား အဆန်ရထားလမ်းပိုင်း ပြုပြင်ပြီးဖြစ်၍ လူစီးရထားနှင့် ကုန်ရထားများကို စက်တင်ဘာ ၂၀ ရက်မှစတင်ပြေးဆွဲပေးမည်ဖြစ်သည်။
ရန်ကုန် - သာစည်ရထားလမ်းပိုင်း၌ စက်တင်ဘာ ၂၁ ရက်မှစတင် ပြေးဆွဲပေးမည့် အမှတ်(၁၁)အဆန် လူစီးရထားသည် ရန်ကုန်ဘူတာမှ နံနက် ၅ နာရီတွင် ထွက်ခွာ၍ သာစည်ဘူတာသို့ ည ၈ နာရီခွဲတွင် လည်းကောင်း၊ အမှတ်(၁၂)အစုန် လူစီးရထားသည် သာစည်ဘူတာမှ နံနက် ၆ နာရီတွင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ ည ၉ နာရီခွဲတွင်လည်းကောင်း၊ အသီးသီးဆိုက်ရောက်၊ ထွက်ခွာမည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် ဘူတာစဉ်အားလုံး၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ခရီးစဉ် အစ၊ အဆုံးတစ်ဦးလျှင် အထက်တန်းလက်မှတ်ခ ငွေကျပ်၁၇၀၀၀ နှင့် ရိုးရိုးတန်းလက်မှတ်ခ ငွေကျပ် ၉၀၀၀ နှုန်းဖြင့် ယခင်နှုန်းထားအတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှုလွယ်ကူ အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ သာစည်-မန္တလေးရထားလမ်းပိုင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မှမန္တလေးအထိ ရထားခရီးစဉ်များကို မကြာမီပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်