Skip to main content

စေတနာမှဝေဒနာမဖြစ်ရအောင် စနစ်တကျပူးပေါင်းဆောင်ရွက်

နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာရောက်နေထိုင်ကြသူများနှင့် ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများရှိ မိမိတို့နေထိုင်ရာ နေအိမ်များတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူများအတွက် နိုင်ငံတစ်ဝန်းရှိ အလှူရှင်များက စေတနာသဒ္ဓါ တရားထက်သန်စွာဖြင့် အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများ လာရောက်လှူဒါန်းနေသည့်မြင်ကွင်းများကို ဝမ်းမြောက်ကြည်နူးဖွယ် မြင်တွေ့ နေရပါသည်။

ပြင်းထန်ဆိုးရွားလှသည့် ရုတ်တရက်ရေကြီးရေလျှံမှုအန္တရာယ်ကြောင့် ရေဘေးသင့်ဒေသမှ ပြည်သူအများစုမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် အသက်ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရန် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ကယ်ဆယ်ကူညီစောင့်ရှောက်ပေးခဲ့ကြသည်။ ရေကြီးရေလျှံ အန္တရာယ်မှလျော့ကျပြီးနောက် ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများ၊ သင့်လျော်ရာရေဘေးလွတ်ရာနေရာများ၌ နိုင်ငံတော်နှင့် စေတနာရှင်ပြည်သူများ၏ ပံ့ပိုးကူညီမှုဖြင့် စားသောက်နေထိုင်ကြရသည်။

ထိုသို့နေထိုင်စားသောက်လျက်ရှိရာတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်းကျေးရွာအုပ်စု ချောင်းခြားကျေးရွာတွင် စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက အလှူရှင်များ လာရောက်လှူဒါန်းသည့် ကြက်သားဒံပေါက်၊ ကြက်သားအာလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကို စားသုံးခဲ့ကြပြီး အစာအဆိပ်သင့်လက္ခဏာများဖြစ်ပွားခဲ့ရာ အဆိုပါလူနာများကို ကျန်းမာရေးဦးစီးဌာန အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များက တပ်ကုန်းနှင့် နေပြည်တော်ဆေးရုံများ၌ ဆေးဝါးကုသပေးခဲ့ရာ ရောဂါဖြစ်ပွားမှု သက်သာကောင်းမွန်ခဲ့ပြီး လူနာအများစုမှာ ဆေးရုံမှဆင်းကာ နေထိုင်ရာနေရာများသို့ ပြန်လည်ရောက်ရှိခဲ့သည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင် ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက် ယာယီကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား အလှူရှင်များက ကြာဆံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များကို လာရောက်လှူဒါန်းကျွေးမွေးရာ ကျေးရွာနေပြည်သူများ စားသုံးပြီးနောက် အစာအဆိပ်သင့် လက္ခဏာများဖြစ်ပွားခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံကြီးတွင် လာရောက် ဆေးကုသမှုခံယူခဲ့ရာ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသပေးခဲ့သဖြင့် သက်သာကောင်းမွန်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက ရောဂါကာကွယ်ထိန်းချုပ်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိတွင် ပတ်ဝန်းကျင်အနေအထားနှင့် ရာသီဥတုအခြေအနေတို့အရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အစားအစာများမှာ အချိန်ကာလ၊ ခရီးအကွာအဝေးအပေါ်မူတည်၍ သိုလှောင်ထုပ်ပိုးသိမ်းဆည်းထားစဉ် အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ပေါက်ပွားရှင်သန်စေမှု ဖြစ်စေနိုင်ခြင်း၊ စားသုံးရန်မသင့်သည့် အခြေအနေများကိုဖြစ်ပေါ်စေနိုင်ခြင်း၊ အချို့မုန့််မျိုးစုံအစားအစာများမှာ ရက်လွန်အစားအစာများ ဖြစ်စေနိုင်ခြင်းစသည်တို့ကြောင့် ချက်ချင်းစားသုံးရန်မသင့်ဘဲ စနစ်တကျစစ်ဆေးကြည့်ရှုရန်လိုအပ်သည်။ အဆိုပါအစားအသောက်များ ကို စနစ်တကျစစ်ဆေးလေ့လာခြင်းမရှိဘဲ ချက်ချင်းစားသောက်မိပါက အခန့်မသင့်လျှင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည့်နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နိုင်သည်။

လတ်တလောတွင် စေတနာရှင်ပြည်သူများက ရေဘေးသင့်ပြည်သူများအား ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်တွင် သွားရောက်လှူဒါန်းနေကြသည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်နေရသည်။ သို့ရာတွင် ပတ်ဝန်းကျင်အနေအထားများနှင့် အစားအသောက်တို့တွင် ဖြစ်ပေါ်တတ်သည့် အနေအထားများအရ ဖော်ပြပါအစာအဆိပ်သင့်မှုလက္ခဏာများ ဖြစ်ပွားလာနိုင်သဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော ရေဘေးသင့်ပြည်သူများမှာ ဒုက္ခထပ်ဆင့်ဖြစ်ပေါ်နိုင်သဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူရှင်များသို့ အသိပေးတိုက်တွန်း ပန်ကြားချက်များကို သတိပေး နှိုးဆော်လျက်ရှိသည်။

သို့ဖြစ်ရာ အလှူရှင်များအနေဖြင့် အစားအသောက်များ လာရောက်လှူဒါန်းရာတွင် ပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများဖြင့် လှူဒါန်းခြင်းမျိုးမပြုလုပ်ဘဲ ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများအား ပူပူနွေးနွေးချက်ပြုတ်ကျွေးမွေးနိုင်ရန် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်း၊ ပေးပို့လှူဒါန်းရာတွင် မြို့နယ်အလိုက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှ တစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူ စီမံဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်မှု၊ သန့်ရှင်းမှု ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးခြင်းတို့ကို စနစ်တကျပြုလုပ်ခြင်းဖြင့် အလှူရှင်များ၏စေတနာကို ဝေဒနာမဖြစ်အောင် ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း။ ။