မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်မှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ မြစ်ဝကျွန်းပေါ် ဒေသများပါဝင်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ကျရောက်ခဲ့ခြင်းဖြစ်ရာ နယ်ပယ်ကျယ်ဝန်းသည်။ ရေဘေးကြောင့် တိမ်းရှောင်ရသူ လူဦးရေလေးသိန်းကျော်ရှိပြီး ရာနှင့်ချီ၍ သေဆုံးခဲ့ကြရသည်။ လက်ရှိအချိန်တွင် အချို့ဒေသများ ရေကျသွားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးများ ပြုလုပ်နေကြပြီဖြစ်သော်လည်း အချို့ဒေသများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေရဆဲဖြစ်သည်။
မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာမှာ ဘေးဒုက္ခကြုံတွေ့ကြရသူများကို ကူညီကယ်ဆယ်ရန် စိတ်အားထက်သန်ကြသူများ၊ သဒ္ဓါတရား ကြီးမားကြသူများဖြစ်ကြသည့်အားလျော်စွာ ရေဘေးသင့်ဒေသများသို့ အင်တိုက်အားတိုက် ကူညီမှုများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။ ဒေသတစ်ခုတွင် သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပြီးနောက် ဘေးဒုက္ခကြုံတွေ့နေရသူများ၏ လိုအပ်ချက်များမှာ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေလေ့ရှိသကဲ့သို့ ဒေသတစ်ခုနှင့်တစ်ခုလည်း မတူတတ်ကြ။ ရေဘေးအလှူကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းလိုသူများမှာ မှန်ကန်ပြည့်စုံသည့် သတင်းအချက်အလက်မရရှိခြင်း၊ ဘေးဒဏ်သင့်ခံရသည့်ဒေသများတွင် လမ်းပန်းဆက်သွယ်သွားလာမှု ခက်ခဲခြင်း စသည်တို့ ကြုံတွေ့ကြရကြောင်း သတင်းအချို့ကြားသိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလက်ခံမည့်အစီအစဉ်များ အသိပေးကြေညာခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်းတို့ ဆောင်ရွက်လျက်ရှိရာ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ကြသည်။ ယင်းသို့ လှူဒါန်းခြင်းအားဖြင့် မိမိတို့လှူဒါန်းလိုက်သည့် အလှူငွေနှင့် အလှူပစ္စည်းများသည် နိုင်ငံတစ်ဝန်းရှိ ရေဘေးဒဏ်ခံစားခဲ့ကြရသည့် ပြည်သူများထံ စနစ်တကျမျှတစွာ ရောက်ရှိသွားကြမည်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးမှာကြားရာတွင် “ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်၌ လူနေအိမ်များ များစွာဆုံးရှုံးခဲ့သည်ကိုတွေ့ရပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေဘေးဒုက္ခသည် စခန်းများရှိ ပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။
ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများတွင် လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည်။ ၁၅၈၃၄၃ လုံး ရေဝင် နစ်မြုပ်ခဲ့သည်။ ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်က ထိုက်သင့်သည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရာတွင် စေတနာရှင်၊ အလှူရှင်တို့ကလည်း မိမိတို့တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်သည်။ ရေဘေးဒဏ်ခံရသူတို့၏ လူမှုစီးပွားဘဝများ ပြန်လည်ထူထောင်ကြရာတွင် စွမ်းအားရှိသမျှ ပါဝင်ကူညီပံ့ပိုးပေးနိုင်သည်။ ရေဘေးအန္တရာယ်ကျရောက်နေချိန်တွင် ရေဘေးကြုံတွေ့ရသူတို့၏ ဒုက္ခများကို တွေ့မြင်ပြီး ကရုဏာစိတ်၏စေ့ဆော်မှုကြောင့် လှူကြတန်းကြ တက်ကြွခဲ့သလို ရေဘေးအလွန်ကာလတွင် မိသားစုဘဝများကို ခက်ခဲစွာ ပြန်လည်ထူထောင်ကြရမည့်သူများအပေါ် မမေ့မလျော့ဝိုင်းဝန်းကူညီကြရန်လည်း တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။